စီးပွားရေးလုပ်ငန်းရှင်များ၏ နှစ်သစ်ကူးဆုတောင်းစကားသံများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နာယက ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း 

 

akw

 

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

နိုင်ငံတော်အစိုးရကခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာစေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ ကျွန်တော်တို့ ပြည်သူပြည်သားအားလုံးကလည်း စည်းလုံးညီညွတ်သော စုပေါင်းအင်အားနဲ့ နိုင်ငံတော်အစိုးရနဲ့အတူလက်တွဲ ဝန်းရံကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တာဝန်သိသော၊ တာဝန်ကျေပွန်သော ပြည်သူပြည်သားကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ငြိမ်းချမ်းရေးကို တည်ဆောက် မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ တိုင်းရင်းသားညီနောင်အားလုံး စည်းလုံးညီညွတ်စွာနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားချစ်ခင် ယုံကြည်လျက် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေ။ သဘာဝဘေးအန္တရာယ် အမျိုးမျိုး၊ ဘေးဘယာအမျိုးမျိုးတို့မှ ကင်းဝေးနိုင်ကြပြီး မျိုးဆက်သစ်လူငယ်တွေကို အညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်မှလည်း ကင်းဝေးနိုင်ကြပါစေ။ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘ၀ ပိုမိုမြင့်မား တိုးတက်ကောင်းမွန်နိုင်ကြပါစေ။ တရားမျှတမှန်ကန်တဲ့ တရားစီရင်ရေးစနစ်နဲ့ တရားဥပဒေရဲ့ အကာအကွယ်ကို အပြည့်အဝ ခံစားရရှိနိုင်ကြပါစေ။ ။

နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ခေတ်မီတိုးတက်သော ပညာရေးစနစ်ကို ပိုင်ဆိုင်နိုင်ကြပြီး ပြည်သူများအားလုံး ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိနိုင်ကြပါစေ။ နိုင်ငံတော်ရဲ့ ကောင်းမြတ်တဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ အမျိုးသားရေးလက္ခဏာတွေကို ထိပါးခြင်းမရှိစေတဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို လူတိုင်းလူတိုင်း ပြည့်ပြည့်ဝဝ ပိုင်ဆိုင်နိုင်ကြပြီး နှစ်သစ်မှာ စိတ်သစ်၊ ကိုယ်သစ်၊ အားအင်သစ်များနဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြပါစေ။

နိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုပေါင်းအင်အားတွေနဲ့ ပေါင်းစပ်ဝန်းရံပြီး ကြုံတွေ့နေရတဲ့ ပြည်တွင်း ပြည်ပမှ အခက်အခဲအမျိုးမျိုးနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားကာ နှစ်သစ်မှာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး တည်ဆောက်နေမှု ဆက်လက်တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်။ 

 

zmw

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း

နှစ်ဟောင်းကုန်၍ နှစ်သစ်မင်္ဂလာအခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံသူ နိုင်ငံသားများနဲ့ မြန်မာနိုင်ငံအား စိတ်စေတနာကောင်းနဲ့ အဘက်ဘက်က ကူညီပေးကြတဲ့ နိုင်ငံတကာမိတ်ဆွေတွေအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာရှိကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သ၍ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း၊ တိုးတက်ဖွံ့ဖြိုးစေဖို့နဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေဖို့အတွက် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူတစိုက်မတ်မတ်ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

ဂုဏ်ယူဝမ်းမြောက် ထို့အတူ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုမှသည် နိုင်ငံရဲ့ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်အတွက် နိုင်ငံတော်အစိုးရသည် မိမိတို့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အသင်းအဖွဲ့တွေနဲ့ ပိုမိုနီးကပ်စွာ လက်တွဲကြိုးပမ်းမှု ပြုနေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါတယ်။

ထိုသို့ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်မှာ ကုန်သည်စက်မှုအသင်းချုပ် အမှုဆောင်တွေ အပါအဝင် ညီနောင်အသင်းတွေ၊ အသင်းဝင်တွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးက လာမယ့်နှစ်သစ်ကာလအတွင်း ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ နှစ်သစ်မင်္ဂလာမှာ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ပြည်သူများရဲ့ အကျိုးစီးပွားနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတွေ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အကျိုးရလဒ်ကောင်းတွေ ရရှိခံစားနိုင် ပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်။ 

 

ck


မြန်မာ့ရှေ့ဆောင်ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင်

လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရကတော့ ငြိမ်းချမ်းရေးပါပဲ။ ဖြစ်ပေါ်နေတဲ့ အနေအထားနဲ့ ပြည်သူလူထုခံစားနေရတဲ့ မလုံခြုံမှုနဲ့ ဒုက္ခသည်တွေဖြစ်နေတဲ့ ကိစ္စတွေ ပြီးပျောက်သွားစေချင်ပါတယ်။ ဒီလိုငြိမ်းချမ်းမှလည်း စီးပွားရေး ရှုထောင့်က ပြောလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုအပိုင်းက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံစိတ်ချစွာနဲ့ အမြောက်အမြား အလုံးအရင်းနဲ့ ဝင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းပြည်ကလည်း နှစ် ၇၀ လောက် ကြာပြီ၊ မငြိမ်းချမ်းသေးတဲ့အခါကျတော့ ဒီအချိန် ဒီကာလမှာ ငြိမ်းချမ်းရေးက အထူးလိုအပ်နေတဲ့အတွက် ငြိမ်းချမ်းတဲ့အနေအထားကို အမြန်ဆုံး ပြီးပြည့်စုံတဲ့ အနေအထားရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

အကျိုးစီးပွား တိုးတက်အောင်ဆောင်ရွက် စီးပွားရေးကောင်းလာဖို့ အဓိကကတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှုအပိုင်းက ပိုအရေးကြီးပါတယ်။ သူတို့ဝင်လာတဲ့အခါကျမှ ရင်းနှီးမြှုပ်နှံမှု ပိုများပြားမယ်။ အလုပ်အကိုင်အခွင့်အလမ်း ဖော်ထုတ်နိုင်မှုတွေ ပိုများမယ်။ နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းသင်ယူနိုင်မှုတွေ ပိုများပြား မယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့က ကဏ္ဍတစ်ခုတည်းကိုပဲ စုပြုံလုပ်တာ မျိုးမဟုတ်ဘဲနဲ့ နိုင်ငံတော်အတွက်လိုအပ်တဲ့ စိုက်ပျိုးရေးနယ်ပယ်၊ အခြားနယ်ပယ်တွေမှာလည်း အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံပြီး တိုင်းပြည်ရဲ့ အကျိုး စီးပွားတိုးတက်အောင် ဆောင်ရွက်ဖို့သင့်ပါတယ်။

အရေးကြီးတာက အားလုံးမတူကွဲပြားတဲ့ကိစ္စတွေ၊ ကျွန်တော်တို့လည်း ကျောင်းသားဘဝကတည်းကနေလာတဲ့အခါမှာ ကျွန်တော်တို့သူငယ်ချင်းတွေ |ဟိန္ဒူတွေရှိတယ်၊ မွတ်စလင်တွေရှိတယ်၊ ခရစ်ယာန်တွေရှိတယ် အားလုံး ချစ်ချစ်ခင်ခင်နဲ့ လက်တွဲပြီးတော့ တက္ကသိုလ်တွေမှာနေခဲ့ကြပါတယ်။ ကျောင်းတွေမှာ နေခဲ့ကြတယ်၊ အင်မတန်လည်း ခင်မင်ပါတယ်။ အေးချမ်းခဲ့တယ်။ အဲဒီအခင်းအကျင်းကြီးဟာ နိုင်ငံမှာ ပြောင်းလဲသွားတယ်။ ပြောင်းလဲမှုဖြစ်ပေါ်နေတဲ့ အနိဋ္ဌာရုံတွေဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေပဲ ခံစားရတာပါ။ ဒီဟာတွေကို အမြန်ချုပ်ငြိမ်းပြီးတော့ တကယ်ရည်မှန်းတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံသစ်၊ ဖွံ့ဖြိုးတဲ့နိုင်ငံသစ်ကို တစ်ဦးစီမှာတာဝန်ရှိတဲ့အတွက် ဒါတွေအားလုံးကို အမြန်ဆောင်ရွက်နိုင်တဲ့၊ ပြည့်စုံနိုင်တဲ့ အနေအထားရောက်ပါစေ။ ကျွန်တော်တို့က အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် အနာဂတ်မျိုးဆက်သစ်တွေအတွက်ကို နေရောင်ခြည်အစွန်းအစလေး မြင်ရပါစေလို့ ဆုတောင်းပါတယ်။

 

ks

 

ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ

၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ကို ကူးပြောင်းရောက်ရှိလို့လာပါပြီ။ နိုင်ငံနဲ့ လူမျိုး အတွက် တိုင်းပြည်အတွက် အခုဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူ့ရဲ့ ရိုးသားတဲ့ဂုဏ်နဲ့ ဦးဆောင်နေပါတယ်။ သူ့ရဲ့ ရိုးသားမှုအပေါ် အသိအမှတ် ပြုပြီး တိုင်းပြည်အတွက် ရှေ့ဘယ်လိုကောင်းအောင်လုပ်ကြမလဲ။ ဒီထက်ပိုပြီး ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ကြမလဲ။ အထူးသဖြင့် အောက်ခြေမိသားစုတွေရဲ့ စားဝတ်နေရေး ဘယ်လိုပြေလည်အောင်လုပ်ကြမလဲ၊ အခုလက်ရှိ မြန်မာပြည် အနေအထားက ကမ္ဘာနဲ့ယှဉ်ရင် အောက်ဘက်ကို ရောက်နေပါတယ်။ အဆင့်အတန်းတစ်ခုအထိ ပြန်ရောက်အောင် ဆွဲတင်ဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။

စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက် တညီတညွတ်တည်း ၂၀၂၀ မှာ စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ အဓိကအားဖြင့် ငြိမ်းချမ်းဖို့လိုပါတယ်။ မငြိမ်းချမ်းရင် စီးပွားရေးလည်း မကောင်းနိုင်ပါဘူး။ ငြိမ်းချမ်းရေးက စီးပွားရေးဖြစ်သလို နိုင်ငံရေး၊ လူမှုရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ အလွန်အရေး ကြီးပါတယ်။ နိုင်ငံတော်ကနေ ဆက်လက်ပြီးတော့ ယခုထက်ပိုမိုပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။ လက်ရှိစီးပွားရေးအနေအထားကိုကြည့်ရင် စီးပွားရေးကလည်နေတဲ့အတွက် စီးပွားရေးကောင်းလာဖို့အတွက်လည်း လူတိုင်းမှာ တာဝန်ရှိပါတယ်။ နေပူထဲမှာ နေရတဲ့လူက အရိပ်ရဲ့ တန်ဖိုးကို ပိုနားလည်သိရှိသလို မငြိမ်းချမ်းသေးတဲ့ ဒေသမှာနေထိုင်တဲ့လူတွေကလည်း သူတို့အမြဲတမ်းကြုံတွေ့နေရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေအစား ငြိမ်းချမ်းနေတဲ့ ဒေသကလူတွေ ပျော်ရွှင်ခံစားရသလို သူတို့လည်း ဒီလိုအသီးအပွင့်ကို ရယူခံစားချင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့အပြား ငြိမ်းချမ်းရေးရဖို့ အရေးကြီးပါတယ်။

ယနေ့ကမ္ဘာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လမ်းကြောင်းသုံးခုနဲ့ လည်ပတ် နေကြပါတယ်။ နံပါတ်(၁)က ငြိမ်းချမ်းရေးဖြစ်ပါတယ်။ နံပါတ်(၂) က ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။ နံပါတ်(၃) က နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် တိုးတက်ရေးလမ်းကြောင်း ဒီသုံးခုနဲ့ သွားနေတာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ အားလုံးပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံက ဘက်ပေါင်းစုံမှာ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။

 

kkh

 

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ တော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး 

ကျွန်တော်တို့မကြာခင်ကာလအတွင်းမှာ ၂၀၂၀ နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်ကူး နောက်နှစ်ခါအတွက်ကို မြန်မာနိုင်ငံဟာ စီးပွားရေးကောင်းမွန်ပြီးတော့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံဖြစ်ပါစေလို့ ပထမဆုံး ဆုတောင်း လိုပါတယ်။ နောက်တစ်ခုက ဆုတောင်းရုံတစ်ခုတည်းနဲ့လည်း မပြည့်စုံပါဘူး။ ဆုတောင်းတဲ့နောက်ကို ကျွန်တော်တို့လိုက်ပြီး လုပ်မှသာ ပြီးပြည့်စုံမှာဖြစ်ပါတယ်။ ဒါကြောင့် အားလုံးသော ပြည်သူ ပြည်သားရော၊ အစိုးရရော အေးချမ်း သာယာအောင်၊ စီးပွားရေးကောင်းမွန်အောင် ကျွန်တော်တို့ ဝိုင်းဝန်းလုပ်ဆောင်ကြမှသာ အောင်မြင်မှုဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်ရော၊ လုပ်သားပြည်သူအားလုံး၊ ဝန်ထမ်းလုပ်သားတွေရော ပိုမိုကောင်းမွန်တဲ့ စနစ်ကျတဲ့ စီးပွားရေးကို အကောင်အထည်ဖော်ဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလို အကောင်အထည်ဖော်ဖို့ ဦးဆောင်ရမှာ နိုင်ငံတော်အစိုးရပဲ ဖြစ်ပါတယ်။

အစီအမံတွေ စီမံပေးဖို့လို ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ စီးပွားရေးကောင်းအောင်၊ ငြိမ်းချမ်းသာယာအောင်ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။

ဦးဆောင်တဲ့နေရာမှာ နိုင်ငံတော်အစိုးရကလည်း စီးပွားရေးလုပ်ငန်းကို တကယ်ကောင်းမွန်အောင် လုပ်ပေးနိုင်တဲ့ အစီအမံဆိုတဲ့နေရာမှာ ဒီနေ့ ငွေကြေးလည်ပတ်မှု အားနည်းနေတာကို ငွေကြေးလည်ပတ်မှုကောင်းအောင် လုပ်ပေးဖို့ရယ်၊ ဒီနေ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ မြေယာကဏ္ဍတွေ ဖွံ့ဖြိုးလာအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင်ဆိုရင် နိုင်ငံတော်က ပထမဆုံး လုပ်ပေးသင့်တာကတော့ ဒီလုပ်ငန်းတွေကို အလွယ်တကူနဲ့ အမြန်ဆုံးလုပ်နိုင်အောင် အစီအမံတွေ စီမံပေးဖို့လိုပါတယ်။ အဲဒီအစီ အမံတွေကို မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းအနေနဲ့ မကြာမီ တင်ပြဖို့ စုစည်းနေပါတယ်။

အဲဒီအစီအမံတွေကို လုပ်ဆောင်ပေးလိုက်လို့ရှိရင် ဒီနေ့ဆင်းရဲတဲ့ တိုင်းပြည်ကနေ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်လာဖို့၊ ဆင်းရဲနေတဲ့ပြည်သူတွေ စားဝတ်နေရေး ပြေလည်ပြီး ဖူလုံတဲ့အပြင် စိတ်ချမ်းသာ လက်ချမ်းသာနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့ အဲဒီလိုစီးပွားရေးကောင်းတဲ့အပေါ်မှာအခြေခံပြီး တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် ရင်ကြားစေ့နိုင်အောင် ပြုလုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်ပြောနေတာဖြစ်ပါတယ်။ 

 

mw

 

စေပိုင်ဖွံ့ဖြိုးမှုလီမိတက် ဥက္ကဋ္ဌ ဦးမောင်ဝိတ် 

လာမယ့်နှစ်သစ်ကို ကြည့်တဲ့အခါမှာ ထူးခြားတဲ့ဂဏန်းနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၂၀ ပြည့်နှစ် ဖြစ်နေတာကို တွေ့ရပါတယ်။ စိတ်ဝင်စားစရာတွေ၊ ရင်ခုန်စရာတွေ များစွာရှိလာမယ့် နှစ်တစ်နှစ်ဖြစ်မယ်လို့ ထင်ပါတယ်။ နှစ်ဆယ်နှစ်ဆယ် ဆိုတဲ့အတိုင်း နှစ်ခံထားရတဲ့ အဖြစ်တွေ၊ နှစ်နေတဲ့အဖြစ်တွေရှိခဲ့လျှင်လည်း နှစ်သစ်မှာ ဆယ်တင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ ၂၀၂၀ နှစ်သစ်မှာ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းသာယာပြီး စီးပွားဥစ္စာများပေါများလျက်ကျန်းမာ ရွှင်လန်းရှိကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA)
ဓာတ်ပုံ - နေလင်း