စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်း သင်တန်းဖွင့်လှစ်

နေပြည်တော် ဇွန် ၉

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ် မေမှ ၂၀၂၄ ခုနှစ် ဧပြီအထိ “ဧရာဝတီတိုင်းဒေသကြီးတွင် အလား အလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း”ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများ အတွက် “စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော် က အမှာစကားပြော ကြားပြီး စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း က သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြနှင့် သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး သင်တန်းပို့ချခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သည်။

အဆိုပါသင်တန်းကို ဇွန် ၈ ရက်မှ ၁၀ ရက်အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၃၀) တက်ရောက်ကြကြောင်းနှင့် လက်တွေ့ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်