စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဝန်ထမ်းများ ပျော်ပွဲရွှင်ပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဝန်ထမ်းများ ပျော်ပွဲရွှင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။

 

ထမနဲထိုးပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ စုစုပေါင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပထမ၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနက ဒုတိယ၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် ငွေတိုက်ဦးစီးဌာနတို့က တတိယ၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးက စတုတ္ထ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံ လုပ်ငန်းတို့က ပဥ္စမဆုနှင့် ကျန်အသင်းများက နှစ်သိမ့်ဆုများ ရရှိကြသည်။

 

ထို့နောက် ဝန်ထမ်းများ၏ ပျော်ပွဲရွှင်ပွဲအဖြစ် ကြိုက်နှစ်သက်ရာ တေးသီချင်းများ သီဆို ပြိုင်ပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်း (၂၀) တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများကဆုများ ချီးမြှင့်ပေးအပ်သည်။

 

ယခုနှစ် ထမနဲထိုးပြိုင်ပွဲသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၇) ကြိမ်မြောက် ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်