ဆတက်ထမ်းပိုး တိုးတက်လာမည့် မြန်မာ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု

၂၈ သြဂုတ်

 

မြန်မာနိုင်ငံနဲ့   ကိုရီးယားသမ္မတနိုင်ငံအကြား   သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့တာက ၁၉၇၅ ခုနှစ် မေလ ၁၆  ရက်နေ့ဖြစ်လို့ နှစ်နိုင်ငံအကြား  သံတမန်ဆက်ဆံရေးဟာ ၄၄  နှစ်ကျော် သက်တမ်းရှိသွားပါပြီ။ ဒီ ၄၄ နှစ်ကျော်သက်တမ်းအတွင်း နှစ်နိုင်ငံရဲ့   ချစ်ကြည်ရင်းနှီးမှုနဲ့  ပူးပေါင်းဆောင်ရွက်မှုဟာ  ခိုင်မာသည်ထက်ခိုင်မာ၊ တိုးတက်သည်ထက် တိုးတက်လာနေပါတယ်။

 

ရင်းနှီးမြှုပ်နှံတဲ့ကဏ္ဍတွေ စုံလင် 


မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံတွေအကြား စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုကို     လေ့လာသုံးသပ်ကြည့်ရင် ကိုရီးယားသမ္မတနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အနီးကပ်လက်တွဲဆောင်ရွက်နေတဲ့   နိုင်ငံဖြစ်တယ်ဆိုတာကိုတွေ့ရမှာပါ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အနေအထားကိုကြည့်ရင် ကိုရီးယားသမ္မတနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပဉ္စမမြောက် အများဆုံးရင်းနှီးမြှုပ်နှံတဲ့နိုင်ငံပါ။  စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၅၄ သန်းဝန်းကျင်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးကဏ္ဍတွေကလည်း  စုံလင်ပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့  တူးဖော်ထုတ်လုပ်ရေးလို လုပ်ငန်းမျိုးမှာ ရင်းနှီးမြှုပ်နှံသလို အခြေခံအဆောက်အအုံစီမံကိန်း တွေမှာလည်း  ရင်းနှီးမြှုပ်နှံပါတယ်။   လက်လီဖြန့်ဖြူးရောင်းချတဲ့ စီးပွားရေးကဏ္ဍမျိုးမှာ  ရင်းနှီးမြှုပ်နှံသလိုအိုးအိမ်ခြံမြေကဏ္ဍမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။

 

Korea  Land  and   Housing  Corporation ဟာ လှည်းကူးမြို့နယ်မှာ   ကိုရီးယားစက်မှုဇုန်တစ်ခုကို တည်ဆောက်နေပါတယ်။ GS Engineering and Construction ဟာ    ရန်ကုန်မြို့နဲ့    ဒလမြို့နယ်အကြား ၄   ဒသမ  ၃   ကီလိုမီတာရှည်တဲ့    မြစ်ကူးတံတားကို တည်ဆောက်နေပါတယ်။ ဒီမြစ်ကူးတံတား စီမံကိန်းရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရှိမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ  ပြီးစီးဖို့ မျှော်မှန်းထားပါတယ်။

 

အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးမယ့် တံတားကြီး


ဒလမြို့နေပြည်သူတွေအတွက်ကတော့ ဒီတံတားကြီးဟာ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေဖန်တီးပေးမယ့် တံတားကြီးပါ။ ဒီတံတားကြီးဝန်းကျင်ဒေသမှာ  တောင်ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Wooreeဟာ စက်မှုမြို့နယ်သစ်တစ်ခုဖော်ဆောင်ဖို့   ရန်ကုန်တိုင်း ဒေသကြီးအစိုးရနဲ့ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးထားပါတယ်။  ထို့အပြင်  တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ HUBS MK Co.,Ltd.ကလည်း    ရွှေလင်ဗန်းစက်မှုဇုန်မှာ   ကမ္ဘာ့အဆင့်မီထောက်ပံ့ဖြည့်ဆည်းပေးရေးဗဟိုဌာန (Logistics hub) ထူထောင်ဖို့ မြန်မာ့ကုန်သွယ်ရေး မြှင့်တင်မှုဌာနနဲ့နားလည်မှုစာချွန်လွှာ ရေးထိုးထားပါတယ်။

 

ရေးပါတဲ့ခြေလှမ်းတွေ ဖော်ဆောင် 


ပြန်သုံးသပ်ကြည့်ရင်  ၂၀၁၈ ခုနှစ်ဟာ  မြန်မာနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့အကြား   အရေးပါတ ခြေလှမ်းတွေ    ဖော်ဆောင်ခဲ့တဲ့နှစ်ပါ။     နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေးနဲ့   မြှင့်တင်ရေးစာချုပ်ဟာ  ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စတင်သက်ဝင်ရှင်သန်ခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့   စီးပွားရေးမြှင့်တင်ဖို့အတွ တောင်ကိုရီးယားကုမ္ပဏီတွေရော၊   မြန်မာကုမ္ပဏီတွေကိုပါ    ကူညီနိုင်ရေးကိုရည်ရွယ်ပြီး      မြန်မာ-ကိုရီးယား   ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းအဖွဲ့ချုပ် (Myanmar Korean Chamber of  Commerce  and  Industry-MKCCI)ထူထောင်ခဲ့တာကလည်း      ၂၀၁၈  ခုနှစ် ဒီဇင်ဘာလကပါ။

 

အရေးပါတဲ့ခြေလှမ်းတစ်ခု


နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး အတွက်လည်း အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံနဲ့ကိုရီးယားသမ္မတနိုင်ငံတို့အကြား    ကုန်သွယ်မှုစုစုပေါင်း ပမာဏဟာ  အမေရိကန်ဒေါ်လာ  သန်းပေါင်း  ၇၉၀  ရှိခဲ့ပါတယ်။ နှစ်နိုင်ငံကြား ဝန်ကြီးအဆင့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း နေပြည်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလက ကျင်းပခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဦးဆောင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ကုန်သွယ်ရေး၊ စက်မှုနဲ့စွမ်းအင်ဝန်ကြီးဌာန  ဝန်ကြီး    Kim Hyun-chong     ဦးဆောင်ခဲ့ပါတယ်။    ဒီဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့       နိုင်ငံ့ဝန်ထမ်းတွေကို     ကုန်သွယ်ရေးနဲ့ဆက်စပ်တဲ့ကိစ္စရပ်တွေ  လေ့လာသင်ယူနိုင်ဖို့    ကိုရီးယား သမ္မတနိုင်ငံသို့စေလွှတ်ရေး ထည့်သွင်းဆွေးနွေးခဲ့တာဟာ မြန်မာနိုင်ငံရဲ့     ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးအတွက်အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။

 

ပံ့ပိုးကူညီ


ဒါ့အပြင် ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ D(Korea International Cooperation Agency-KOICA)ဟာ  မြန်မာနိုင်ငံကို   ပညာရေး၊   ကျန်းမာရေးနဲ့  အသေးစားချေးငွေလို  ကဏ္ဍရပ်တွေမှာ ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် မေလက ဆရာဖြစ်သင်တန်းကျောင်းတစ်ခုကို ရန်ကုန်မြို့မှာ အမေရိကန်ဒေါ်လာ ၁၂ သန်း အကုန်အကျခံပြီး ထူထောင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကိုရီးယားနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA)က  မြန်မာနိုင်ငံအတွက်  ပံ့ပိုးကူညီပေးတဲ့ကိစ္စရပ်ထဲမှာ   မူဝါဒသုတေသန ဌာနတစ်ခုထူထောင်ပေးခဲ့တာက  မြန်မာနိုင်ငံရဲ့ ပကတိလိုအပ်ချက်တစ်ရပ်ကို  ထင်ဟပ်ဖော်ဆောင်ပေးလိုက်တာလို့ ပြောနိုင်ပါတယ်။ ဒီမူဝါဒသုတေသနဌာနကတော့မြန်မာနိုင်ငံရဲ့ လူမှု-စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက အာရုံစိုက်လေ့လာသုတေသနပြုလုပ်မယ့် Myanmar Development  Instituteပါ။

 

အားလုံးသိတဲ့အတိုင်း    ကိုရီးယားသမ္မတနိုင်ငံရဲ့ New Southern Policy  အရ  အာရှနိုင်ငံတွေကိုအဓိကအာရုံစိုက်ပြီး ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ  ကိုရီးယားသမ္မတနိုင်ငံက  အလေးထား ဆောင်ရွက်နေတဲ့  နိုင်ငံတစ်နိုင်ငံပါ။    ဒါကြောင့်လည်း  ကိုရီးယားသမ္မတနိုင်ငံဟာ  မြန်မာနိုင်ငံရဲ့  အရေးကြီးတဲ့ကဏ္ဍတွေဖြစ်တဲ့        အခြေခံအဆောက်အအုံ၊      စက်မှုထုတ်ကုန်လုပ်ငန်းနဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူးရေးကိစ္စရပ်တွေမှာ   ပါဝင်ဆောင်ရွက်နိုင်ဖို့   စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

 

ကဏ္ဍနှစ်ရပ်ဖွံ့ဖြိုးလာစေဖို့ 


အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre)ရဲ့ အထွေထွေအတွင်းရေးမှူး Kim Young-sun  က “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု     အခွင့်အလမ်းကောင်းတွေ ရှာဖွေဖို့တောင်ကိုရီးယားနိုင်ငံရဲ့ အလားအလာအရှိဆုံးဆိုတဲ့ စက်မှုထုတ်ကုန်နဲ့ အခြေခံအဆောက်အအုံကုမ္ပဏီတွေကို ရွေးချယ်ပြင်ဆင်ထားပါတယ်။ ပြောရရင် ကိုရီးယားသမ္မတ နိုင်ငံအစိုးရကလည်း မြန်မာနိုင်ငံမှာ ဒီကဏ္ဍနှစ်ရပ်ဖွံ့ဖြိုး လာစေဖို့   အာရုံစိုက်ဆောင်ရွက်လျက်ရှိပါတယ်”ဟု၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ  ပြောကြားခဲ့ပါတယ်။

 

တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် 


မြန်မာနိုင်ငံရဲ့  အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး   မဟာဗျူဟာ (National Comprehensive Deve-lopment Plan for 2011-30) မှာ    တိုင်းပြည်ရဲ့ဂျီဒီပီတိုးတက်မှုကို ခြောက်ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်း အထိရရှိဖို့  ရည်မှန်းချက်ချမှတ်ထားပါတယ်။  ဒီရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ရေးမှာ  တောင်ကိုရီးယားကုမ္ပဏီတွေက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

 

ဆတက်ထမ်းပိုးတိုးတက်လာမည်


Kim Young-sunက “ကိုရီးယားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လိုအပ်နေတဲ့    အတွေ့အကြုံကောင်း တွေရှိသလို  ခေတ်မီနည်းပညာတွေကိုလည်း       ပိုင်ဆိုင်ထားပါတယ်။  ဒါကြောင့်   ကိုရီးယားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမှာ  ကဏ္ဍပေါင်းစုံကနေ   ပါဝင်ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ ဆိပ်ကမ်း၊ ကားလမ်းနဲ့  ရထားလမ်းလို ကိစ္စရပ်တွေမှာ ကျွန်တော်တို့  အားတက်သရော  ပါဝင်ကူညီဆောင်ရွက်လိုပါတယ်”ဟု ပြောကြားခဲ့တာကိုကြည့်ရင်  မြန်မာနိုင်ငံနဲ့  ကိုရီးယားသမ္မတနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ  အနာဂတ်ကာလမှာလည်း  ဆတက်ထမ်းပိုး  တိုးတက်လာမည်ဖြစ်ကြောင်း  တင်ပြ လိုက်ရပါတယ်။      ။

 

လူသစ်(မကွေး)