ဆရာကောင်းတွေပေါ်ပေါက်လာဖို့ လိုအပ်တဲ့အတွက် ကမ္ဘာ့ဆရာများနေ့ကျင်းပတာ အကျိုးရှိပါတယ်

၆  အောက်တိုဘာ

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပညာရေး၀န်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တာဝန်ရှိသူနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ရင်တွင်းစကားသံများကို မေးမြန်းဖော်ပြလိုက်ပါသည်။

ဒေါက်တာဇော်လတ်ထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန)

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တောအနန္တ ဂိုဏ်းဝင် ဆရာသမားတွေအပေါ်မှာ အစဉ်လေးစား တန်ဖိုး ထားတတ်ဖို့၊ အရည်အချင်းပြည့်ဝတဲ့ မြတ်ဆရာတွေ ပိုမိုပေါ်ပေါက်လာဖို့၊ ဆရာတွေရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ် ကျေးဇူးတွေကို အမြဲမပြတ် သတိရနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆရာများနေ့ကို ကျင်းပရခြင်း ဖြစ်ပါတယ်။

ပညာရေးကဏ္ဍအပါအဝင် နိုင်ငံရဲ့ ကဏ္ဍပေါင်း များစွာမှာ လူငယ်တွေရဲ့အင်အား အများကြီး လိုအပ်ပါ တယ်။ အထူးသဖြင့် ဆရာ ဆရာမတွေဟာ နိုင်ငံရဲ့ ပညာ ရေးကို တည်ဆောက်တဲ့သူတွေ ဖြစ်တဲ့အတွက် ပညာရေးလမ်းကြောင်းမှာ ဆရာ ဆရာမတွေ ဖြစ်နိုင်ဖို့ အတွက် အခွင့်အရေးများစွာဖွင့်ပေးထားပြီး ဆောင်ရွက် နေပါတယ်။ အထူးသဖြင့် ဆယ်တန်းအောင်မြင်ပြီးရင် ပညာရေးတက္ကသိုလ်တွေ၊ ပညာရေးကောလိပ်တွေ တက်ရောက်နိုင်ခွင့်ရှိတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အကြို ပညာရေးသင်တန်းတွေ ဖွင့်ပေးထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာ ဆရာမ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပညာရေး တက္ကသိုလ်တွေ၊ ပညာရေးကောလိပ်တွေကနေ အတတ် နိုင်ဆုံးမွေးထုတ်ပြီး ဖြည့်ဆည်းပေးသွားဖို့ ဆောင်ရွက်နေပါ တယ်။ ဒီနေ့အခမ်းအနားဟာဆိုရင် မြန်မာ့ရိုးရာ အစဉ်အလာ၊ ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီတယ်။ ကမ္ဘာ့ အဖွဲ့အစည်းကလည်း သတ်မှတ်ထားတဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့အတွက် ဆရာ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲမပြတ် သတိရခြင်းအားဖြင့် ဆရာ ဆရာမတွေကို အတုယူအားကျပြီး လူငယ်လူရွယ်တွေအနေနဲ့ ဆရာ ဆရာမ ဖြစ်ချင်စိတ်တွေ ထက်သန်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဒေါက်တာသန်းထိုက်စိုး (အထက (၁၁)၊ ကျောင်းအုပ်ကြီး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်)

၂၀၁၉ ခုနှစ်မှာ ကျွန်တော်ရတဲ့ဆုက အ ခြေခံပညာ ကျောင်းတွေမှာ သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေး မြှင့်တင်မှုဆုဆိုပြီး ပေးတာဖြစ်ပါတယ်။ ဒီနှစ်မှာ ကမ္ဘာမြေ ချစ်သူဆုဆိုပြီး ကျွန်တော်တို့ဝန်ကြီးဌာနကနေပြီးတော့ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆုအနေနဲ့ ကမ္ဘာ့ဆရာများ နေ့မှာ ချီးမြှင့်တာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနမှာ စွမ်းစွမ်းတမံလုပ်ခဲ့တဲ့ ဆရာ ဆရာမကြီးတွေ၊ ခွင့်ရက်မပျက် တဲ့ ဆရာ ဆရာမတွေ၊ နိုင်ငံတကာမှာသွားပြီး နိုင်ငံအတွက် ဆုရခဲ့တဲ့ ဆရာ ဆရာမတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေမှာ ဆုရတဲ့ ဆရာ ဆရာမတွေ၊ တစ်နှစ်တာလုံးမှာ အကောင်းဆုံး ဖြစ်တဲ့ ဆရာ ဆရာမတွေကို ကျွန်တော်တို့ ပညာရေးဝန်ကြီး ဌာနက ဆုချီးမြှင့်တာဖြစ်တဲ့အတွက် အင်မတန်မှ ဂုဏ်ယူ စရာ ကောင်းပါတယ်။

အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ KG + 12 ဆိုတဲ့ ပညာရေးစနစ်အသစ်တွေ ပြောင်းနေပါပြီ။ KG + 12 ဆိုတာ က လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ဖို့ဖြစ်ပါ တယ်။ ငယ်ရွယ်ထက်မြက်တက်ကြွတဲ့ ဆရာ ဆရာမတွေ အများကြီး ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများ နေ့မှာ တစ်နှစ်တာလုံး ဆုရတဲ့သူတွေကို ပိုပြီးဆုချီးမြှင့် နိုင်တယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ရ ကိုင်ရတာ တက်ကြွတဲ့အတွက် ဒီထက်ပိုပြီး ဆုချီးမြှင့်နိုင် ပါစေလို့ ကျွန်တော်ပြောချင်ပါတယ်။

ဒေါက်တာစောဣန္ဒာသက်မောင် (လ/ထ ကထိက၊ မြိတ်တက္ကသိုလ်၊ မြန်မာစာဌာန)

ကျွန်မကတော့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်မှ ဆောင်းပါး ဒုတိယဆုရရှိပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တာပါ။ နိုင်ငံတော်အဆင့်မှာ ဒီဆုအပါအဝင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုအပါအဝင် ဆုပေါင်း ၅၂ ဆုရရှိပြီးပါပြီ။ ကျွန်မက ဆရာမ တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် ကမ္ဘာ့ဆရာများနေ့မှာ ဆရာများရဲ့အခန်းကဏ္ဍကို ကိုယ့်ရဲ့ စာပေနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီမယ်ဆိုပြီး ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ငယ်ငယ်က ကျောင်းသား ဘဝမှာ ဆရာ ဆရာမတွေရဲ့ မေတ္တာတွေကို သိပ်မသိခဲ့ ပေမယ့် ကိုယ်တိုင် ဆရာမဘဝ ဖြစ်လာတဲ့အချိန်မှာ ဆရာ ဆရာမတွေရဲ့မေတ္တာကို ပိုပြီးသိလာရပါတယ်။ ဆောင်းပါး ပြိုင်ပွဲမှာ ဒုတိယဆုရတဲ့အတွက်လည်း ပိုပြီးဝမ်းသာ ပါတယ်။

နိုင်ငံတော်ကြီးတည်ဆောက်တဲ့နေရာမှာ ပညာရေးက အဓိကအရေးကြီးတဲ့အတွက် အနာဂတ်ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ လူငယ်တွေကို သေချာစနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်လည်း ပညာ ပြည့်ဝ နှလုံးလှပြီးတော့ ကျောင်းသား ကျောင်းသူတွေကို လည်း ပညာပြည့်ဝ နှလုံးလှလာအောင် ဝိုင်းဝန်းကြိုးစား ပေးကြမယ်ဆိုရင် ပညာရေးကဏ္ဍလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

မထက်အိန္ဒြာကျော် (သတ္တမတန်း၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်)

ကျွန်မကတော့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရပါတယ်။ ဗဟိုအဆင့်မှာ ပထမဆုံး ဆုရဖူးတာပါ။ ပုသိမ်က ကျောင်းအဆင့်ပြိုင်ပွဲ တွေမှာ ဒုတိယဆု၊ တတိယဆု ရဖူးပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးရဲ့ဂုဏ်ကို ဆောင်နိုင်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဆရာသမားကောင်းတွေ ပေါ်ပေါက်လာဖို့ အများကြီးလိုအပ်တဲ့အတွက် အခုလို ကမ္ဘာ့ဆရာများနေ့ကို ကျင်းပပေးတာ အများကြီး အကျိုး သက်ရောက်မှုရှိပါတယ်။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ ဖြစ်တဲ့ ကျောင်းသူ ကျောင်းသားတွေလည်း သမီးလို ဆုတွေရအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

မောင်ကောင်းဆက်လွင်(ဒုတိယနှစ်၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ဒီပလိုမာသင်တန်း၊ ရန်ကင်းပညာရေး ကောလိပ်)

ကျွန်တော်ကတော့ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရပါတယ်။ အခုလို ဗဟိုအဆင့် ဆုတက်ရောက် ယူခွင့်ရတဲ့အတွက် ပျော်ပါတယ်။ ကျောင်းတော်ကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်တဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်ပါ တယ်။ အခုလို ကမ္ဘာ့ဆရာများနေ့ကို ကျင်းပပေးတဲ့ အတွက် ဆရာ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို နားလည် သိတတ်ပြီး အနာဂတ် ကျောင်းသား ကျောင်းသူတွေ အတုယူကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။

မအိမ့်မြတ်နိုးနိုင် (ပထမနှစ်၊ လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာဒီပလိုမာသင်တန်း၊ မော်လမြိုင်ပညာရေး ကောလိပ်)

ကျွန်မကတော့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် ကဗျာပြိုင်ပွဲမှာ ပထမဆုရ ပါတယ်။ ကျွန်မတက်ရောက်နေတဲ့ ကျောင်းတော်ကြီးရဲ့ ဂုဏ်ကို ဆောင်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ် ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကျွန်မအတွက် အားတစ်ခုဖြစ်စေပါတယ်။ မောင်ငယ်၊ ညီမငယ်တွေကို လည်း ကျွန်မလို ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

သျှားထက်(ဓာတု)

ဓာတ်ပုံ-ထန်းဖုန်