ဆန်းရီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း ဝိုင်ဂျီအန်တာတိန်းမန့် ကြေညာ

၁၄  မတ်

 

လတ်တလောမှာ တရားရင်ဆိုင်နေရတဲ့ ကေပေါ့ပ်ကြယ်ပွင့် ဆန်းရီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်ကြောင်း လတ်တလောမှာတော့ ဝိုင်ဂျီအန်တာတိန်းမန့်က တရားဝင်ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်လို့စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ် ၁၃ ရက်မှာတော့ ဆန်းရီရဲ့ စာချုပ်နဲ့ပတ်သက်ပြီး ဝိုင်ဂျီအန်တာတိန်းမန့်က တရားဝင်ထုတ်ပြန်ချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ဝိုင်ဂျီအန်တာတိန်းမန့်က ဆန်းရီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ လတ်တလောမှာတော့ မီဒီယာတွေပေါ်မှာ အဆက်မပြတ်ပေါ်ထွက်လာခဲ့ပြီး စွပ်စွဲချက်တွေများစွာနဲ့ ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ ဆန်းရီက အနုပညာလုပ်ငန်းတွေကနေ အနားယူလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အေဂျင်စီအနေနဲ့ သဘောတူပေးခဲ့ကြောင်း၊ ပရိသတ်တွေကို စိုးရိမ်ပူပန်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်း ထည့်သွင်းရေးသား ဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

ဒါ့အပြင် အဆိုပါ အေဂျင်စီက ကြယ်ပွင့်တွေကို တာဝန်ယူထားရတဲ့အေဂျင်စီအနေနဲ့ သူ့တို့အပေါ် ကောင်းမွန်စွာ ထိန်းကျောင်းအုပ်ချုပ်နိုင်ခဲ့ခြင်းမရှိဘဲ ယခုလို ပြဿနာတွေ ဖြစ်ပေါ်ခဲ့ရတဲ့အတွက်စိတ်မကောင်း ဖြစ်မိကြောင်းလည်း ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

ယခုရက်ပိုင်းအတွင်းမှာ ပြဿနာတွေကြောင့် မီဒီယာစာမျက်နှာတွေပေါ်မှာ နေရာယူထားခဲ့တဲ့ ကေပေါ့ပ်ကြယ်ပွင့် ဆန်းရီဟာ အနုပညာလုပ်ငန်းတွေကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင်ထုတ်ဖော်အသိပေးလာတာ တွေ့ရပါတယ်။ ကျော်ကြားတဲ့ အမျိုးသား ကေပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “BIGBANG” ရဲ့ အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ဆိုင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပြီးနောက် ဆန်းရီရဲ့ အကြောင်းတွေဟာ မီဒီယာစာမျက်နှာတွေပေါ်မှာ နေရာယူလာခဲ့ပါတယ်။ စွပ်စွဲမှုတွေကို ပြန်လည်ဖြေရှင်းရင်းကပင် နောက်ဆုံးမှာတော့ ဆန်းရီနဲ့ အခြားသောတေးသံရှင်တွေ လျှို့ဝှက်ကင်မရာကို အသုံးပြုခဲ့ကြောင်း သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို ပြဿနာတွေ၊ စွပ်စွဲမှုတွေ ဆက်တိုက်ကြုံခဲ့ရပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ဆန်းရီက အနုပညာလုပ်ငန်းတွေကနေ အနားယူတော့မှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက် မီဒီယာပေါ်ကနေတစ်ဆင့် ထုတ်ဖော်အသိပေးခဲ့ပါတယ်။

 

အေးပြည့်