ဆည်ရေသောက်ဧရိယာများအတွင်း မြေလွတ်မြေလပ်မကျန် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရန်လိုအပ်

နေပြည်တော် နိုဝင်ဘာ ၂၆

 

နေပြည်တော်ကောင်စီနယ်မြေကို  တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြေရေး၊ ဒေသရှိစိုက်ပျိုးမြေများ၏ တစ်ဧကချင်း ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် မြေဆီလွှာပျက်စီးမှုမရှိစေပဲ တစ်နှစ်သုံးသီး သီးထပ်စိုက်ပျိုးနိုင်မည့် သီးနှံပုံစံများ ရေးဆွဲပေးခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးခြင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ အ‌ခြေအနေပေးသည့် ဒေသများတွင်လည်း ရေမြေရာသီဥတုနှင့် ကိုက်ညီစွာ သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းလျက်သည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ‌တောင်သူများနှင့် တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်ရေး၊ ဈေးကွက်လိုအပ်ချက်ရှိနေပြီး တောင်သူအကျိုးအမြတ်ရှိစေမည့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးဇော်ဝင်း ၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈၄)ထွန်စက်စခန်း မျိုးစေ့ချ ကရိယာ ဖြင့် ဆောင်းသီးနှံ နေကြာမျိုးစေ့ချလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေဆင်းဆည် လက်ယာ တူးမြောင်း မိုင်နာ(၇) အုပ်ရိုးစီခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု စိမ်းစားပင် ကျေးရွာရှိ စပါးကြိတ်ခွဲသန့်စင်စက်၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံသို့ရောက်ရှိကြပြီး ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေနှင့် စက်ကိရိယာများ ပြုပြင်ရန် လိုအပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးသုတေသနတွင် ဆောင်ရွက်လျက်ရှိသည့် ဆည်ရေသောက်ဒေသများအတွက် အကျိုးအမြတ်အများဆုံး ရရှိစေမည့် တစ်နှစ် သုံးသီး သီးထပ် သီးနှံပုံစံ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် မတ်ပဲ စိုက်ခင်း ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သုတေသနဖွံ့ဖြိုးရေးနှင့် လက်တွေ့အသုံးချ သုတေသန ရလဒ်များ တောင်သူလက်ဝယ်ရောက်အသုံးပြုနိုင်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)