ဆန်ဈေးတည်ငြိမ်ရန်အတွက် လှောင်လက်များလက်ထဲမှ ဆန်၊ စပါးလက်ကျန်များ ဈေးကွက်ထဲ ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ယခုနှစ်တွင် ဆန်နှင့်စပါး လက်ကျန်ပမာဏ ယခင်နှစ်ကထက်ပိုမိုကျန်ရှိသော်လည်း အမြင့်ဈေးကြောင့် ထုတ်မရောင်းခြင်းများကို တွေ့ရပြီး ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လှောင်လက်များလက်ထဲမှ ဆန်၊ စပါးလက်ကျန်များ ဈေးကွက်ထဲရောက်ရှိလာနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“မနှစ်ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဆန်လက်ကျန်ရော၊ စပါး လက်ကျန်ရော တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဈေးကောင်းရတယ်ဆိုတဲ့အခါ တချို့တောင်သူလယ်သမား တွေကိုယ်၌က အများကြီး သိပ်ပြီးထုတ်မရောင်းတာ တွေ့ရပါတယ်။ လှောင်လက်တွေ လက်ထဲမှာလည်း စပါးလက်ကျန်၊ ဆန်လက်ကျန် ရှိပါတယ်။ လှောင်လက်တွေ လက်ထဲက စပါးလက်ကျန်၊ ဆန်လက်ကျန် ဈေးကွက်ထဲကို ထွက်လာအောင်လုပ်ဖို့ အတွက်လည်း အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းကပြောသည်။

၂၀၂၃ ခုနှစ်နိုဝင်ဘာ ၄ ရက်မှ စတင် ပြီး ဇန်နဝါရီလကုန်အထိ သိုလှောင်ရုံ အလုံးပေါင်း ၃၀ဝ ခန့် မှတ်ပုံတင်သည့် အနေအထားရှိပြီး သိုလှောင်ရုံမှတ်ပုံတင်သည့် လုပ်ငန်းစဉ်တွင် ပါဝင်လာအောင် ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၌ ဆန်၊ စပါးလက်ကျန်ပမာဏ မည်မျှရှိသည်နှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် အခြေအနေကို ပို၍ သေသေချာချာ စဉ်းစားသုံးသပ်နိုင်မည့် အနေအထား ဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။

“နိုဝင်ဘာလ ၄ ရက်ကနေစတင်ပြီး ဇန်နဝါရီလကုန်အထိ သိုလှောင်ရုံ အလုံးပေါင်း ၃၀ဝ လောက် မှတ်ပုံတင်တဲ့ အနေအထားရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးနီးပါး မှတ်ပုံတင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ သိုလှောင်ရုံအလုံး ၃၀ဝ ဆိုတော့ ပမာဏ တော်တော်များပါတယ်။ ကျန်တဲ့ သိုလှောင်ရုံတွေလည်း ထပ်ပြီးတော့ မှတ်ပုံတင်တဲ့အစီအစဉ်မှာ ပါဝင်လာအောင် ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းမှာ ဆန်လက်ကျန်ဘယ်လောက်ရှိတယ်၊ စပါးလက်ကျန် ဘယ်လောက်ရှိတယ်ဆိုတဲ့ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် အခြေအနေကို ပိုပြီးတော့ သေချာလေးစဉ်းစား သုံးသပ်နိုင်မယ့် အနေအထားဖြစ်တယ်ဆိုတဲ့ အခြေအနေကို သုံးသပ်နိုင်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ဆန်ဈေးနှုန်းမြင့်တက်မှုအပေါ် ထိန်းညှိဆောင်ရွက်ရန်အတွက် ပို့ကုန်ဆန် ပြည်ပတင်ပို့မှုကိုလည်း ဆန်ကွဲနှင့် ပေါင်းဆန်ကို ဦးစားပေးပြီး ဆန်ဖြူဆိုပါက အကန့်အသတ်ဖြင့် ၅ မှတ်ဆန်ကိုသာ တင်ပို့မည့်လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီလ၊ မတ်လတွင် စတင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနကိုတင်ပြ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

MT