ဆွန်ဟောင်မင်၏ သွင်းဂိုးဖြင့် ဝက်ဖို့ဒ်ကို စပါးအသင်း အနိုင်ရ

 

ဩဂုတ် ၃၀

ပရီမီယာလိဂ်ကလပ် ပွဲစဉ် (၃) အဖြစ် စပါးအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့ပွဲစဉ်ကို ဩဂုတ် ၂၉ ရက် ညပိုင်းက စပါးအသင်း အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ စပါးအသင်းက ဝက်ဖို့ဒ်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ စပါးအသင်းအတွက် သွင်းဂိုးကို ဆွန်ဟောင်မင်က သွင်းယူပေးခဲ့သည်။

စပါးအသင်းအနေဖြင့် ယနေ့ပွဲစဉ်တွင် ကိန်း၊ ဆွန်ဟောင်မင်၊ ဘာ့ဂ်ဝင်တို့ဖြင့် ပွဲထွက်လာခဲ့သလို ဝက်ဖို့ဒ်အသင်းကလည်း အားထားရသည့် ဆစ်ဆိုကို၊ ဆားရ်၊ ဒင်းနစ်၊ ကင်းစသည့် ကစားသမားတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ဝက်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ်နှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည့်အတွက် ယခု စပါးအသင်းနှင့်ပွဲစဉ်ကို အနိုင်ရရှိရေး အားစိုက်ကစားလာခဲ့သည်။ ဝက်ဖို့ဒ်အသင်းသည် ပွဲအစပိုင်းမိနစ်များတွင် စပါးအသင်းကို ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပွဲကစားချိန်ကြာလာသည်နှင့်အမျှ စပါးအသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှုကိုသာ ခံခဲ့ရသည်။ ပွဲချိန်ပြီးခါနီးတွင် စပါးအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ဆွန်ဟောင်မင်က သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် အင်ဂျာကီယာ ဝင်ရောက်လာပြီးနောက်ပိုင်း ဝက်ဖို့ဒ်အသင်း၏ ကစားအားတက်လာခဲ့သည်။ သို့သော်လည်း လိုအပ်နေသည့် ချေပဂိုးကို သွင်းယူနိုင်ခြင်း မရှိခဲ့ချေ။ ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့် တစ်ဖက်ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် စပါးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စပါးအသင်းသည် ယနေ့ ပွဲစဉ်တွင် ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃) အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ဝက်ဖို့ဒ်အသင်းက ယနေ့ပွဲစဉ် ရှုံးနိမ့်ခဲ့သောကြောင့် ပွဲစဉ် (၃) အပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် သုံးမှတ်သာ ရရှိထားသေးသည်။

အခြားသော ပွဲစဉ်တွင် ဘန်လေနှင့် လိဒ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ သွင်းဂိုးများကို ဘန်လေအသင်းအတွက် ဝုဒ်က ပွဲချိန် ၆၁ မိနစ်တွင် သွင်းယူပေးပြီး လိဒ်စ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် ဘမ်းဖို့ဒ်က သွင်းယူပေးနိုင်ခဲ့သည်။ ဘန်လေအသင်းက သုံးပွဲကစား တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ်တစ်မှတ်သာ ရရှိထားသေးသည်။ ပြိုင်ဘက်လိဒ်စ်အသင်းက သုံးပွဲကစား နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် နှစ်မှတ်သာ ရရှိထားသည်။

ဝုလ်ဖ်အသင်းနှင့် မန်ယူအသင်းတို့ပွဲတွင် မန်ယူက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားခဲ့ပြီး ဂိုးကန်သွင်းမှုတွင် ဝုလ်ဖ်က အသာရရှိခဲ့သည်။ ဒုတိယပိုင်း မိနစ် ၈၀ တွင် ဂရင်းဝုဒ်က မန်ယူ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသည်။ မန်ယူအသင်းက သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ခုနစ်မှတ် ရရှိထားသည်။ ဝုလ်ဖ်က သုံးပွဲရှုံး အမှတ်မရသေးပေ။

အောင်ဇော်