ဆင်ပေါင်ဝဲ  ၁၈  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၃၃ သန်း အသုံးပြုကာ  ကျေးရွာငါးရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သိရသည်။

 

63.

 

ဆင်ပေါင်ဝဲ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် ရွှေပန်းတော၊ ဒေါင်းလှ၊ သားပိုး၊ ကန်ပေါက်၊ ချီစွတ်စသည့် ကျေးရွာငါးရွာ၌ စက်ရေတွင်း လေးတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တစ်ကန်တူးဖော်ခြင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် ၄ ကန် တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံလေးခု တည်ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၃၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး ပြောပြချက်အရ သိရသည်။

 

ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ  ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစား ဆောင်ရွက် နေပါတယ်။ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ကျေးရွာနေပြည်သူတွေအနေဖြင့် ရေရှားပါးမှု ဖြစ်ပေါ်ပါက ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ဆက်လက်ပြောပြသည်။

 

85

 

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင်လည်း သောက်သုံးရေရှားပါးသော ကျေးရွာ (၁၀) ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ကိုးခုနှင့် အခြားရေရရှိရေးလုပ်ငန်း တစ်ခုတို့ကို ငွေကျပ် ၁၉၀ ဒသမ ၂ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)