ဆမ်ဒိုးရီးယားကို အနိုင်ရရှိပြီးနောက် လိဂ်နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည့် ဂျူဗင်တပ်စ်

အီတလီစီးရီးအေ ပွဲစဉ်(၆)၏ အစောဆုံးပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနှင့် ဆမ်ဒိုးရီးယားအသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းက ဂျူဗင်တပ်စ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂျူဗင်တပ်စ်အသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယခုနှစ်ရာသီ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေသည့် ဂျူဗင်တပ်စ် အသင်းအနေဖြင့် ဆမ်ဒိုးရီးယားအသင်းကို အနိုင်ရရှိရန် လိုကာတယ်လီ၊ ဒိုင်ဘာလာ၊ မိုရာတာတို့ ဦးဆောင်ပွဲထွက်လာခဲ့ပြီး ဆမ်ဒိုးရီးယားအသင်းက ကန်ဒရီဗာ၊ ယိုရှီဒါ ကာပူတို စသည့် အဓိက ကစားသမားအများစုဖြင့် ဂျူဗင်တပ်စ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် ဂျူဗင်တပ်စ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ရာ လိုကာတယ်လီ၏ ဖန်တီးမှုမှ တစ်ဆင့် ဒိုင်ဘာလာက သွင်းယူပေးနိုင်ခဲ့သည်။

ပွဲချိန် ၄၃ မိနစ်တွင် ဂျူဗင်တပ်စ် ပယ်နယ်တီကန်ခွင့်ရရှိခဲ့ရာ ဘိုနူချီက အမှားအယွင်းမရှိ သွင်းယူပေးနိုင်ခဲ့သည်။ ဦးဆောင်ဂိုးနှစ်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဆမ်ဒိုးရီးယားအသင်းကလည်း ချေပဂိုးရရှိရေး တိုက်စစ်ဆင် ကစားလာသည့်အတွက် ပွဲမှာအကြိတ်အနယ် ရှိလာခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ဆမ်ဒိုးရီးယားအသင်း ချေပဂိုးရရှိခဲ့ပြီး ကန်ဒရီဗာ၏ ဖန်တီးပေးမှုမှတစ်ဆင့်ယိုရှီဒါက သွင်းယူပေးနိုင်ခဲ့သည်။

ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်တွင် ဂျူဗင်တပ်စ်အသင်း တတိယဂိုးရရှိခဲ့ရာ ကလူဆက်စကီး၏ ဖန်တီးမှုမှတစ်ဆင့် လိုကာတယ်လီက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ဆမ်ဒိုးရီးယားအသင်း ဒုတိယချေပဂိုး ရရှိခဲ့ပြီး ကန်ဒရီဗာကသွင်းယူပေးခဲ့သည်။ ပွဲချိန်ပြီးခါနီးတွင် အပြန် အလှန် ထိုးဖောက်မှု များနှင့်အတူ ပွဲမှာ မြိုင်ဆိုင်လာခဲ့သော်လည်း နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ဂျူဗင် တပ်စ်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေ နှစ်ပွဲ ဆက်နိုင်ပွဲရရှိခဲ့ပြီး ပွဲစဉ် (၆) အပြီးတွင် နိုင်ပွဲနှစ်ပွဲ၊ သရေပွဲ နှစ်ပွဲ၊ ရှုံးပွဲနှစ်ပွဲဖြင့် ရမှတ် ရှစ်မှတ် ရရှိ ထားသည်။

ဂျူဗင်တပ်စ်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၃၀ ရက်တွင် ပရီမီယာလိဂ်အသင်းကြီး ချယ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်