ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီဥစိုက်များ မြေပြင်စိုက်ပျိုးနေ

ဆိပ်ဖြူ ၂၃ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ကိုင်းစိုက်ပျိုးထုတ်လုပ်တောင်သူအများ ဆောင်းကြက်သွန်နီဥ စိုက်ခင်းများကို သီတင်းကျွတ်လပြည့်ကျော်မှစတင်၍ မြေပြုပြင်၍ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရှိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ကိုင်းစိုက်ပျိုးထုတ်လုပ်သူ တောင်သူအများ ပဲမျိုးစုံ၊ ကုန်စိမ်းသီးနှံအပြင် ဆောင်းကြက်သွန်နီဥကို အများဆုံးစိုက်ပျိုးနေကြပြီး ကြက်သွန်နီကို မြေပြင်ပြုပြင်ကာ ဘောင်စနစ်ဖြင့် မြေချိန်၊ ရေချိန်ဖြင့် သဘာဝမြေသြဇာဖြစ်သည့် နွာချေး၊ နှမ်းဖတ်တို့ကို အဓိကထား၍ စိုက်ပျိုးရသည်။ အပူချိန်မြင့်မားလျှင် ရေသွင်းခြင်း ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရန် မပြတ်စောင့်ကြည့်ပြီး တောင်သူတို့အတွက် စိုက်ပျိုးစရိတ် ငွေအား၊ လုပ်သားအား၊ အချိန် အရင်းအနှီး စိုက်ထုတ်သုံးစွဲကြရသော သီးနှံတစ်မျိုးဖြစ်သည်။

၂၀၁၉ ဆောင်သီးနှံကြက်သွန်နီဥ စိုက်ရာသီတွင် ကြက်သွန်နီဥ စိုက်ရာသီဖြစ်သည့်အတွက် နွားထွန်ရှင်းများ၊ ကြက်သွန်နီစိုက်ပျိုးသူများ၊ စိုက်ခင်းရေသွင်းလိုက်သူ  သူရင်းငှားလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိနေပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ကြက်သွန်နီ တစ်ဧကလျှင် မြေပြင်၊ မျိုး၊ စိုက်ပျိုးစရိတ် (၁၀)သိန်းကျပ်ဝန်းကျင် ကုန်ကျမှုရှိကြောင်း၊ စိုက်ခင်းပြုပြင်ရာတွင် ပထမဆုံး ထွန်စက်များငှားရမ်း၍ ပေါင်းမြက်၊ ကိုင်းပင်များကို ထွန်ယက်ရပြီးနောက် နွားထွန်ရှင်းများဖြင့် စိုက်ခင်းပြုပြင်ဘောင်သွင်းခြင်း စိုက်ခင်းဘောင်၊ ရေသွင်မြောင်းဖော်၊ စိုက်ကြောင်းဆွဲများ ဆောင်ရွက်၍ လုပ်သားများငှာရမ်းစိုက်ပျိုးပြီး ရေသွင်းပေးရကြောင်း၊ ယခုလို စိုက်ပျိုးရာသီးတွင် အများစိုက်ပျိုးချိန်ဖြစ်သည့်အတွက် လုပ်သားရှာပါးမှုကတော့ အမြဲကြုံတွေ့ရကြောင်း၊ လုပ်သားဈေးကွက်က ယခင်နှစ်က တစ်နေကုန် (၄၀၀၀)ကျပ် ပေးရခဲ့ပြီး ယခုနှစ်မှာ စိုက်စရိတ်လုပ်သား (၅၀၀၀)ကျပ် ပေးရသော်လည်း လုပ်သားအရေအတွက် လိုသလိုမရရှိကြောင်း၊ နွားထွန်ရှင်းက ယခင်တစ်နေ့ (၈၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိပေးရကြောင်း၊ စိုက်ခင်းမြစ်ရေဝင်ရောက်မှုမရှိခြင်း၊ အပူချိန်မြင့်မားခြင်းတို့ကြောင့် ရေသွင်းရာမှာ ယခင်နှစ်များထက် ရေသွင်းချိန်ပိုနိုင်မည်ဖြစ်ကြောင်း ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများထံမှ သိရှိရသည်။ 

ကိုဇွဲ(အညာမြေ)