ဆိပ်ဖြူ၊ ၄ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Covid-19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိရန် ရည်ရွယ်၍ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကုန်းရွာကျေးရွာအုပ်စု၊ ကျစ်ပြင်ကျေးရွာသို့ ဒီဇင်ဘာ ၃ ရက် က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ စာရင်းဇယား ဖြည့်သွင်းထားမှုပုံစံများ၊ စီမံကိန်းချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျစ်ပြင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာရေးနှစ်က ရန်ပုံငွေကျပ် သိန်း ၃၀၀ (Type-1) အမျိုးအစားဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ   ၁၀၄  ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ  ကိုးဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ လေးဦး၊ အသက်မွေး ဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး  စုစုပေါင်း အသင်းဝင် ၁၁၈ ဦး ချေးငွေပမာဏ ၂၉ ဒသမ ၄၅ သန်းဖြင့် ပထမစက်ဝန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

ဟေမာမြင့်(ကျေးလက်)