ဆိပ်ကမ်းအရောက် ပြည်ပတင်ပို့သည့် ဆန်ဈေးနှုန်းများ ယခုလအတွင်းကျဆင်း

ရန်ကုန်  ၁၀  သြဂုတ် 


ယခုနှစ်အစပိုင်းတွင် ပြည်ပတင်ပို့ရာတွင်ရရှိသည့် (FOB) ဆိပ်ကမ်းအရောက် ဆန်ဈေးနှုန်းများမှာ ဇူလိုင်လတွင်တင်ပို့ခဲ့သည့် ဆိပ်ကမ်းအရောက် ဆန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ဦးထင်ဇော်လှိုင်က ပြောကြားသည်။


ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆန်ဖြူအမျိုးအစားများ ပြည်ပတင်ပို့ရာ၌ ဆိပ်ကမ်းအရောက် ဈေးနှုန်းများမှာ တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၃၄၀ မှ ၃၄၅ အထိ ရရှိခဲ့သော်လည်း ဇူလိုင်လအတွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၅ မှ ၃၃၀ အထိသာ ရရှိခဲ့ခြင်းဖြစ်သည်။


ဆန်က ဝယ်တဲ့နိုင်ငံတွေလျော့သွားတဲ့အတွက် ပြည်ပဝယ်လိုအားမကောင်းတဲ့အပြင် ငွေဈေးအပြောင်းအလဲကလည်း ရှိသေးတယ်။ ဒေါ်လာဈေးကကျသွားပြီး ကျပ်ငွေမာလာရင်လည်း လယ်သမားကို ဈေးအများကြီးပေးလို့မရပြန်ဘူး။ လာမယ့်မိုးစပါးပေါ်တဲ့ အချိန်ကျရင် ဈေးကွက်လျော့သွားတာရယ်၊ ဈေးကျသွားတာရယ်အတွက် စိုးရိမ်နေတယ်။ ကျန်တဲ့ဈေးကွက်တွေကို သွားဖို့ကလည်း မလွယ်သေးဘူးဟု ဦးထင်ဇော်လှိုင်က ပြောသည်။


ထို့အပြင် ၁၀ဝ ရာခိုင်နှုန်းအကျိုးအကြေ ဆန်ကွဲအမျိုးအစားများ တင်ပို့ရာတွင်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၈၅ မှ ၂၉၀ အထိရရှိခဲ့သော်လည်း ဇူလိုင်လတွင် တစ်တန်လျှင် ၂၆၅ မှ ၂၇၀ အထိသာ ရရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ပြည်ပတင်ပို့သည့် ဈေးနှုန်းများအရ သိရသည်။


ပြည်ပသို့ ပေါင်းဆန်အမျိုးအစားများ တင်ပို့ရာတွင်လည်း ယခင်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ၂၃၀ မှ ၂၄၀ ရရှိခဲ့သော်လည်း ဇူလိုင်လတွင် ၂၂၀ မှ ၂၂၅ အထိသာ ရရှိခဲ့သည်။


ယခုဘဏ္ဍာနှစ် ၂၀၁၈ - ၂၀၁၉ တွင်ပြည်ပသို့ဆန်တင်ပို့မှုအနေဖြင့် နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ မက်ထရစ်တန်ပေါင်း ၁၁၄၆၁၂၀ ဒသမ ၉၈၂ ၊ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၉၁၅ သန်း ၊ ဆန်ကွဲတင်ပို့မှုအဖြစ် နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ မက်ထရစ်တန်ပေါင်း ၂၇၁၁၆၃ ဒသမ ၇၆၀ ၊ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၁၉၈ သန်း ရှိကြောင်း သိရသည်။


သူရိန်ကျော်