ကဘူးလ် ဇန်နဝါရီ ၂၂
အာဖဂန်နစ္စတန်နိုင်ငံ၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် သယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းများကို ဆိုးရွားစွာထိခိုက်လျက်ရှိသည်။
အဓိက အဝေးပြေးလမ်းမကြီးများ၊ မြို့တော်ကဘူးလ်နှင့် မြောက်ပိုင်း ပြည်နယ်ကိုးခုကို ဆက်သွယ်ပေးထားသည့် လမ်းကြောင်းများ ပိတ်ဆို့လျက်ရှိသည်ဟု ဇန်နဝါရီ ၂၂ ရက်တွင် အာဏာပိုင်များက ဖော်ပြထားသည်။
ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကသွေးကြောဖြစ်သည့် ဆာလန်အဝေးပြေးလမ်းမသည် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းမှ စတင်ကာ လေပြင်းများတိုက်ခတ် ခြင်း၊ နှင်းမုန်တိုင်းအခြေအနေနှင့် နှင်းမြူများ ထူထပ်စွာကျဆင်းခြင်းတို့ကြောင့် ဖြတ်သန်းသွားလာ၍ မရနိုင်အောင် ဖြစ်ခဲ့ရသည်ဟု ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာရှရက်ဖ် ဟာ့ရှိနက်စ်က ပြောသည်။
အဝေးပြေးလမ်း၏ နေရာအသီးသီးတွင် နှင်းများစုပုံလာမှုမှာ အနက် ၂ မီတာမှ ၄ ဒသမ ၆ မီတာအထိ ရှိလာသည်ဟု လမ်းပိတ်ဆို့မှုဆိုးရွားသည့် အခြေအနေနှင့်ပတ်သက်ပြီး ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် မတော်တဆမှုများနှင့် လူသေဆုံးနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကဘူးလ်- ကန်ဒဟာ အဝေးပြေးလမ်းမကြီးကိုလည်း အာဏာပိုင်များက ယာယီပိတ်ထားခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ အာဖဂန်နိုင်ငံအတွင်း ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၃၃ ခုတွင် ရာသီဥတုအခြေအနေဆိုးရွားခဲ့ပြီး အချို့သောနေရာများတွင် အပူချိန်မှာ အနုတ် ၁၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပြီး နိုင်ငံတစ်ဝန်း ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများတွင် အနှောင့်အယှက်အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသည်။
ဆင်ဟွာ


