ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ပြိုင်ပွဲသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၅  နိုဝင်ဘာ 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲလေးမျိူးနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကာ စည်းမျဉ်းအရ အမျိုးသားပြိုင်ပွဲနှစ်မျိုးနှင့်အမျိုးသမီးပြိုင်ပွဲတစ်မျိုးသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာပိုက်ကျော်ခြင်း အမျိုးသားအသင်းသည် အသင်းလိုက် သုံးယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက် နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအသင်းသည် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးအသင်းပြိုင်ပွဲတွင် မူလက သုံးယောက်တွဲပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲမှာ ရွှေတံဆိပ်မျှော်မှန်းနိုင်သည့်အနေအထားရှိသောကြောင့် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ၂၀ဝ၅၊ ၂၀ဝ၉၊ ၂၀၁၃ ခုနှစ်တွင် ရွှေတံဆိပ်ရယူနိုင်ခဲ့သောကြောင့် လေးကြိမ်မြောက် ရယူနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ မြန်မာအမျိုးသားအသင်းမှာမူ အသင်းလိုက်ပြိုင်ပွဲများတွင်သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် အလားအလာကောင်းလျက်ရှိသည်။

ပြိုင်ပွဲဝင် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အုပ်ချုပ်သူ- ဦးသိန်းဇော်မင်း၊ နည်းပြ-ဦးစောတင်မိုး၊ ဦးသန်းလွင်၊ ဒေါ်ခင်နုနုဖြိုး၊ ကစားသမားများအဖြစ် အမျိုးသား-အောင်ပြည့်ထွန်း၊ အောင်မျိုးနိုင်၊ အောင်နိုင်ဦး၊ထက်မြတ်သူ၊ ဇော်မျိုးသူ၊ ဇင်မင်းဦး၊ ဇင်ကိုကို၊ ဟိန်းလတ်၊ စည်သူအောင်၊ ထူးအောင်ကျော်၊ သန့်ဇင်ထွန်း၊ ကိုကိုလွင်၊ အမျိုးသမီး-မာမာဝင်း၊ နိုင်နိုင်ဝင်း၊ ကြူကြူသင်း၊ မေဇင်ဖြိုး၊ ဖြူဖြူသန်းနှင့် ဆုသ ဉ္ဇာနိုင်တို့ ပါဝင်ကြသည်။ အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ အင်ဒိုနီးရှား၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ အမျိုးသားနှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-တင်စိုး