ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၁၇၉၁၉ ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့

ဆီဆိုင် ဇွန် ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း  အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်မှ ၇ ရက်အထိ သတ်မှတ်ထားသော နေရာများ၌ ဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ Volunteer များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၂၁၆၈၄ ဦးအား ကာကွယ်ဆေးထိုးနှံရန် လျာထားကာ ကျောင်းသား၊ ကျောင်းသူ ၁၇၉၁၉ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က(ဘုရားဖြူ)၊ အ.ထ.က(ဆိုက်ခေါင်)၊ အ.ထ.က(နောင်ထော်)၊ အ.ထ.က(ဘန်းယဉ်)၊ အ.ထ.က(လွယ်ပွတ်)၊ အ.ထ.က(ထမ့်ယမ်း)၊ အ.ထ.က(ပန်ကန်း)၊ အ.ထ.က(ဆိုင်လဲ)၊ အ.ထ.က(ပချားကလို့)၊ အ.ထ.က(ပန်အွန်း)၊ အ.ထ.က(နောင်မွန်)၊ အ.လ.က(နားမွန်း)၊ အ.လ.က(မမုံ့ဆုံ)၊ နောင်ရင်း အခြေခံပညာ မူလတန်းလွန်ကျောင်း စသည့် ဆေးထိုးစုရပ် (၁၄)နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)