မြိတ် ဒီဇင်ဘာ ၄

 

မြန်မာနိုင်ငံတွင် ဆီအုန်းသည် နှစ်ရှည်သီးနှံဖြစ်၍ နှစ်ပေါင်း (၃၀)အတွင်း စီးပွားဖြစ်ထုတ်လုပ်နိုင်သဖြင့် မျိုးရွေးချယ်မှုသည့် အလွန်အရေးကြီးကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ပြောကြားခဲ့သည်။

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာရှိ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်) ရုံးခန်းမတွင် ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်)မှ ကြီးမှူးဖွင့်လှစ်သည့် ဆီအုန်းမျိုးစပ်ခြင်းနှင့် ဆီအုန်းမျိုးစေ့ အစို့ဖောက်ခြင်းသင်တန်းဖွင့်ပွဲ၌ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံမှာ ဆီအုန်းကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းမှာသာ စိုက်ပျိုးဖြစ်ထွန်း​ပါတယ်။ ဒီသီးနှံက အီကွေတာ၏ တောင်နှင့် မြောက်လတ္တီအတွင်း ကောင်းစွာဖြစ်ထွန်းတဲ့အတွက် မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ မြိတ်၊ ကော့သောင်းဒေသများမှာ ဧကအမြောက်အများ စိုက်ပျိုးထား​ပါတယ်” ဟု ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ပြောကြားခဲ့သည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧကအနေဖြင့် တစ်တိုင်းလုံးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ (၃၉၅၇၇၂) ဧကရှိပြီး မြိတ်ခရိုင်အတွင်းမှာ (၆၁၀၃၈)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

 

“မြန်မာနိုင်ငံမှာ ဆီအုန်းသည် နှစ်ရှည်သီးနှံဖြစ်တဲ့အတွက်ကြောင့် နှစ်ပေါင်း(၃၀)အတွင်း စီးပွားဖြစ်ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် မျိုးရွေးချယ်မှုဟာ အလွန်အရေးကြီးတာကြောင့် မျိုးစပ်ပြီး မျိုးစေ့ထုတ်ယူခြင်းဖြစ်ပါတယ်။ ယခင်က ဆီထွက်ကောင်းသော ဆီအုန်းမျိုးစေ့များကို နိုင်ငံခြားမှသာ ဝယ်ယူနေရတဲ့အတွက် ယခုအချိန်မှာတော့ ဆီထွက်နှုန်းကောင်းတဲ့ ပြည်တွင်းဆီအုန်းစပ်မျိုးများ ထုတ်လုပ်လာနိုင်ပြီးဖြစ်ပြီး ဆီအုန်းမျိုးစပ်ခြင်းပညာရပ်ဟာလည်း တန်ဖိုးရှိပြီး အရေးပါလာသော သီးနှံတစ်ခုဖြစ်လာ​ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧက ပေါင်း (၃၉၅၇၇၂) ဧကရှိပြီး ဆီကြမ်းစက်ရုံများမှာ ထားဝယ်ခရိုင်(၁)ခု၊ မြိတ်ခရိုင်တွင်(၁)ခု၊ ဘုတ်ပြင်းခရိုင်တွင်(၂)ခုနှင့် ကော့သောင်းခရိုင်တွင် (၂)ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆)ခုသာရှိကြောင်း သိရသည်။

 

ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ပါက ဆီအုန်းစတင်စိုက်ပျိုးသည့်အချိန်မှ (၅)နှစ် ကြာလာသည့်အခါတွင် စီးပွားဖြစ်ဆွတ်ခူးနိုင်ပြီး နောက်ထပ် (၃)နှစ်အကြာတွင် အရင်းကြေးကာလတစ်ခုကို ရောက်ရှိလာသည့်အပြင် နောက်ထပ် နှစ်ပေါင်း (၂၀)ကျော် ကြာသည်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်မည်​ဖြစ်၍ ဝင်ငွေများလည်း ပိုမိုရရှိသွားမည့်လုပ်ငန်းတစ်ခု၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် ယခုအခါ ဆီထွက်နှုန်းကောင်းသည့် ပြည်တွင်းဆီအုန်းစပ်မျိုးများ ထုတ်လုပ်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ယခုလက်ရှိတွင် ဆီကြမ်းစက်ရုံများသာရှိပြီး ဆီချောထုတ်လုပ်နိုင်သည့် စက်ရုံမရှိသေးသည့်အတွက် အများပြည်သူစားသုံးနိုင်မည့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီရရှိရန် ဆီချောစက်ရုံတစ်ခုကို တနင်္သာရီတိုင်းဒေသကြီးတွင် တည်ဆောက်ရန် စီစဥ်ဆောင်ရွက်နေကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း (၃၉)ခုနှင့် ပုဂ္ဂလိကခြံရှင် (၄၀)နီးပါးခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ဦး(မြိတ်)