ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ 

ရန်ကုန် နိုဝင်ဘာ ၂၂

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ ၏ ပထမနှစ် သင်တန်းအသီးသီးသို့တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၌ hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုနှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့် စာမေးပွဲ စနစ်သစ်အနေဖြင့် လူတွေ့နှုတ်မေးစာမေးပွဲများ မေးမြန်းဖြေဆိုစေခြင်း ပါဝင်ကြောင်း၊ ထိုသို့ဖြေဆိုစေခြင်းဖြင့် မိမိအမှန်တကယ်ဝါသနာပါသည့် ဆေးပညာဖြင့် အသက်မွေးဝမ်းကြောင်းပြု လိုသူများကိုသာ ရွေးချယ်စိစစ်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်၍ မိမိဆန္ဒအလျောက် လျှောက်ထားသူမျိုးမှသာလျှင် မည်သည့်အချိန်အခါတွင်မှ လူနာများကို ပစ်ပယ်မသွားဘဲ မိမိတို့ တတ်မြောက်ထားသည့် ဆေးပညာဖြင့် ပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူများဖြစ်လာမည်ဖြစ်ကြောင်း၊ ဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ဆေးပညာနှီးနွှယ်ပညာရှင် တစ်ဦးဖြစ်သည်အထိ နိုင်ငံတော်မှ  ငွေကျပ်သန်းပေါင်း များစွာ စိုက်ထုတ်အကုန်အကျခံပြီး ပညာသင်ကြားပေးခဲ့ခြင်းဖြစ်သဖြင့် ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ်(၅)နှစ်  မပျက်မကွက် တာဝန်ထမ်းဆောင်ကြရန် အထူးလိုအပ်ကြောင်း။

ယခု ပညာသင်နှစ်တွင်  ဆေးတက္ကသိုလ်များသို့   နိုင်ငံတော်အစီအစဉ်ဖြင့် (၁၁၂၃)ဦး၊ မိမိ စရိတ်ဖြင့်(၃၆)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် (၂၂၄)ဦး မိမိ စရိတ်ဖြင့် (၂)ဦး တက်ရောက်ခွင့် ရရှိခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် (၆)ဘာသာ ပေါင်းရမှတ်နှင့် ရွေးချယ်ခဲ့သည့် တက္ကသိုလ်များဖြစ်သည့် ဆေးဝါးတက္ကသိုလ်များသို့ (၃၇၅)ဦး၊ ဆေး ဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များသို့ (၃၃၈)ဦး၊ သူနာပြုတက္ကသိုလ်များသို့ (၅၂၈)ဦး၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်သို့ (၂၀၄)ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်သို့ (၁၆၁)ဦးတို့ အသီးသီး တက် ရောက်ခွင့် ရရှိခဲ့ကြောင်း။

သစ်လွင်မောင်မယ်များအနေဖြင့် တက္ကသိုလ်နယ်မြေ၌ တက္ကသိုလ်ကျောင်းသားဘဝကို ရရှိ တော့မည်ဖြစ်၍ ပညာရပ်အသီးသီးကို နှစ်ကာလ ပြီးဆုံးသည်အထိ ဆုံးခန်းတိုင် သင်ယူ၍ မိမိတို့ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ကြိုးစားကြရန်နှင့် ပညာပြည့်ဝ နှလုံးလှပြီး ပြည်သူ များကို အလုပ်အကျွေးပြုသည့် ဆေးနှင့်ဆေးဘက်ဆိုင်ရာပညာရှင်များဖြစ်ရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ  ပါမောက္ခ ချုပ်များက  မိမိတို့တက္ကသိုလ်အလိုက် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာ နိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဌ များနှင့်ကိုယ်စားလှယ်များ၊ သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မန္တလေး၊ မကွေးနှင့် တောင်ကြီးမြို့များရှိ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သစ်လွင်ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီးအတူတကွ နံနက်စာ သုံး‌ဆောင်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးတက္ကသိုလ်(၁)၊ရန်ကုန်တွင် ဆေးပညာ အခြေခံနှစ်(၅/၂၀၂၂)သင်တန်း ကျောင်းသား/သူများအား ဓါတ်ခွဲခန်းများ၌ လက်တွေ့စာမေးပွဲ စစ်ဆေးနေခြင်း၊ တက္ကသိုလ်နယ်မြေရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ခန္ဓာဗေဒ ခွဲစိတ် ကုသမှုလေ့ကျင့်ရေးဌာနနှင့် အုပ်စုငယ်များဖွဲ့၍ ဆွေးနွေးသင်ကြားသည့် စာသင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်