ဆောင်းသီးနှံများ အသီးတင်အားကောင်းစေရေး ယူရီးယားနှင့်လက်ချားရောစပ်၍ ရွက်ဖျန်းမြေသြဇာ အသုံးပြုနည်း ကွင်းလက်တွေ့ပြသ

ကော့ကရိတ် ၂၁  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ကမ္မရိုက်ကျေးရွာ အကျိူးဆောင်တောင်သူ ဦးမြင့်ဆွေ၏ ဆောင်းပဲတီစိမ်း စံပြစိုက်ခင်း ၅ ဧကတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အသီးတင်အားကောင်းစေရေး ယူရီးယားနှင့် လက်ချားရောစပ်၍ ရွက်ဖျန်းမြေသြဇာဖြင့် အသုံးပြုနည်း ကွင်းလက်တွေ့ပြသပွဲကို ကျင်းပခဲ့သည်။

 

7418520

 

အခမ်းအနားတွင် ကော့ကရိတ်မြို့ မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူးဦးဝင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်က ယူရီးယားနှင့် လက်ချာရောစပ်၍ ရွက်ဖျန်းမြေသြဇာအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှူလယ်ယာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကျော်က ထွန်ရက်ရေးကိရိယာများနှင့် ပတ်သက်၍ ဌာနမှ ဝန်ဆောင်မှုလုပ်ငန်းများတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

4523

 

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ (IFDC) စီမံကိန်းမှ ထောက်ပံ့သော ဆေးဖျန်းပုံး၊ ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများ၊ ပြည်နယ်အစိုးရနှင့် ပြည်နယ် စိုက်ပျိုးရေးတို့မှ ထောက်ပံ့ပေးသည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် နံနံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး နောက်ယူရီးယားနှင့် လက်ချာရောစပ်၍ ပဲတီစိမ်းခင်းတွင် တောင်သူပညာပေး ကွင်းလက်တွေ့ပြသ ဆောင်ရွက်ခဲ့သည်။

 

9635

 

အဆိုပါ လက်တွေ့ပြသပွဲသို့ မြောက်/တောင် ကမ္မရိုက်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ မာလာကုန်း ကျေးရွာတို့မှ ဆောင်းသီးနှံ နှမ်း၊မြေပဲ၊ပဲတီစိမ်း၊မတ်ပဲနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသော တောင်သူ (၈၂)ဦး တို့တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်/ပြန်ဆက်)