ဆောမြို့နယ် ကျောက်မကျေးရွာနေ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးဝါးကုသပေး

ဆော ၂၀ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်  တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအနေဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟန်နီလှစိုးနှင့်အဖွဲ့သည် အခမဲ့ဆေးကုသပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျောက်မကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ကျန်းမာရေးပညာပေး ဟောပြောရာတွင် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဟန်နီလှစိုးက လေငန်း၊ လေဖြတ်ရောဂါများအကြောင်းနှင့် တိုင်းရင်း ဆေးဆိုင်ရာများ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းအိစံက ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်နှင့် ကျန်းမာရေးအတွက် အသုံးဝင်မှုများ၊ သုံးစွဲရမည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဝါးဖြင့် ဆေးကုသပေးရာ သွေးတိုး၊ ဒူးနာ၊ ခါးနာ၊ ထုံနာ၊ ကျီးပေါင်း၊ ယားနာ စသည့် အထွေထွေရောဂါဝေဒနာရှင် ၁၆၀ ဦးတို့ကို တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ဆေးကုသ ပေးခဲ့ကြကြောင်း သိရသည်။

 

ဆောမြို့နယ် တိုင်းရင်းဆေးကုဌာနအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ လာရောက်ပြသရန် ခက်ခဲသည့် ကျေးရွာနေပြည်သူများအတွက် အခုလို ကွင်းဆင်းကုသပေးရခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသပေးမှုများကိုလည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟန်နီလှစိုး၏ ပြောကြားချက်အရ သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)