ရီယာ့ဒ် ဇန်နဝါရီ ၂၅
ဆော်ဒီအာရေဗျ၌ ကျင်းပမည့် ၂၀၂၉ ခုနှစ် အာရှဆောင်းရာသီအားကစားပွဲတော်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ဆော်ဒီအိုလံပစ်နှင့် မသန်စွမ်းအားကစားကော်မတီနှင့် အာရှအိုလံပစ်ကောင်စီ (အိုစီအေ) တို့က ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။
ပူးတွဲထုတ်ပြန်ချက်တွင် ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီးနောက် အနာဂတ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံအတွက် မွမ်းမံပြင်ဆင်ထားသည့် မူဘောင်ကို သဘောတူညီခဲ့ကြောင်း အဖွဲ့အစည်းနှစ်ခုစလုံးက ထုတ်ပြန်ခဲ့သည်။ ပွဲကျင်းပမည့် ရက်စွဲအသစ်ကို ကြေညာခဲ့ခြင်းမရှိကြောင်း၊ ပြောင်းလဲသတ်မှတ်ထားသည့် ရက်ကာလကို နောက်တွင် ထပ်မံအတည်ပြုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ရွှေ့ဆိုင်းမှုသည် ဆော်ဒီအာရေဗျနှင့် အနောက်အာရှဒေသရှိ ဆောင်းရာသီအားကစားများ၏ ရေရှည်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှဝေထားသည့်ကတိကဝတ်ကို ထင်ဟပ်စေသည်ဟု ကြေညာချက်တွင်ပါဝင်သည်။ ပြန်လည်သုံးသပ်ထားသည့် ချဉ်းကပ်မှုများအရ ဆော်ဒီအာရေဗျသည် လာမည့်နှစ်များအတွင်း သီးခြားကျင်းပသော ဆောင်းရာသီအားကစား ပွဲတော်များကို လက်ခံကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများသည် ဆောင်းရာသီအားကစားစည်းကမ်းများကို မြှင့်တင်ရန်၊ ပါဝင်ယှဉ်ပြိုင်မှုကို ချဲ့ထွင်ရန်၊ အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် အားကစားအဆောက်အအုံများ၏ တိုးတက်မှုကို ထောက်ပံ့ရန် ရည်ရွယ်သည်။
ယခုအစီအစဉ်သည် အနာဂတ်တွင်ကျင်းပမည့် အာရှဆောင်းရာသီ အားကစားပွဲမတိုင်မီ ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မှုကို အားပေးပြီး နောက်ထပ်ပြင်ဆင်ချိန်ကို ခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်။ ဆောင်းရာသီအားကစားအစီအစဉ်များ စဉ်ဆက်မပြတ်တည်ဆောက်နိုင်ရေး ဆော်ဒီအာရေဗျ၏ ကြိုးပမ်းအားထုတ်မှုကို (အိုစီအေ)က အသိအမှတ်ပြုခဲ့သည်။
ဆင်ဟွာ


