Channel K ရုပ်သံလိုင်းက သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ပုံမှန်ပြသနေသည့် အစီအစဉ်များအပြင် အစီအစဉ်သစ်များ ထုတ်လွှင့်ပြသသွားမည်

ရန်ကုန် ၈  ဧပြီ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၏ Content Provider တစ်ခုဖြစ်သည့် Channel K ရုပ်သံလိုင်းက ယခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ကြည့်ရှုအားပေးသူပရိသတ်များအတွက် ပုံမှန် ထုတ်လွှင့်နေကျ အစီအစဉ်များအပြင် ထူးခြားဆန်းသစ်သည့် အစီအစဉ်သစ်များကို ဧပြီ ၁၃ ရက်မှ စတင်ကာ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


“အခု လက်ရှိမှာ အေးမြတ်သူခရီးသွား Solo Myanmar အစီအစဉ်ကို စနေပါပြီ။ နောက်ထပ်လည်း Chit Chat with Ni Ni ဆိုတဲ့ အစီအစဉ်သစ် လေးတစ်ခုကိုလည်း ထုတ်လွှင့်တင်ဆက်ဖို့ လုပ်နေပါတယ်။ ရုံးပိတ်ရက်တွေမှာ အိမ်မှာပဲ နေကြမယ့် ပြည်သူတွေအားလုံးအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကို ထည့်ထားတာပါ။ ရုပ်သံဇာတ်လမ်းတွဲ တွေကတော့ ပုံမှန်အတိုင်းပြသွားမှာပါ ” ဟု Channel K ရုပ်သံလိုင်းမှ တာဝန်ရှိသူ ဒေါ်ခင်နီတာထွန်းက ပြောသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် Chit Chat with Ni Ni အစီအစဉ်

ပရိသတ်များ၏ အချစ်တော် နာမည်ကျော် အဆိုတော် နီနီခင်ဇော်က သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်ဖွယ်ရာ ဂိမ်းများ ဆော့ကစားခြင်း၊ သိလိုသမျှ မေးမြန်းမှုများ ဖြေကြားခြင်းနှင့် ဖိတ်ခေါ်ထားသည့် အနုပညာရှင်များ၏ ပါဝင်ဖျော်ဖြေမှု များကို ကြည့်ရှုခံစားရမည့် Chit Chat with Ni Ni အစီအစဉ်ကို Channel K ရုပ်သံလိုင်းတွင် တင်ဆက်ပေးသွားမည် ဖြစ်သည်။

ဤ Chit Chat with Ni Ni အစီအစဉ်ကို ဧပြီ ၁၃ ရက်မှ စတင်ကာ အပတ်စဉ် (တနင်္လာနေ့) ညနေ ၅ နာရီခွဲတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး သောကြာနေ့ ညနေ ၅ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့်ပြသမည် ဖြစ်သည်။


သင်္ကြန်ကာလအထူးအစီအစဉ် 10 AM Show အစီအစဉ်အသစ်

နောက်ထပ် အထူးအစီအစဉ်အနေဖြင့် မေလအတွင်း ပြသရန် စီစဉ်ထားသည့် 10 AM Show အစီအစဉ်သစ်အား Channel K Facebook Page တွင် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီအချိန်တိုင်း တင်ဆက် ပေးသွားမည်ဖြစ်သည်။


အဆိုပါ အစီအစဉ်တွင် ခေတ်နှင့်အညီ ထွက်ပေါ်လာသည့် နည်းပညာ အသစ်အဆန်းများအကြောင်း၊ အမျိုးသားများ အတွက် Fashion ၊ Make–up နှင့် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်မှုရှိစေမည့် လေ့ကျင့်နေထိုင်နည်းများ၊ အမျိုးသမီး ငယ်လေးများအတွက် Fashion ၊ မိတ်ကပ်နှင့် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများ၊ ကလေးငယ်လေးများ ဖွံ့ဖြိုးမှုဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ အားကစားလှုပ်ရှားမှုများနှင့် သင်တန်းဆရာများ၏ လေ့ကျင့်သင်ကြားပေးမည့် ကျန်းမာလှပ ခြင်းဆိုင်ရာ နည်းလမ်းကောင်းများ အစရှိသည့် အမျိုးအစားစုံလင်သည့် အစီအစဉ်ကောင်းများကို Channel K ရုပ်သံလိုင်းတွင် အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ နံနက် ၁၀ နာရီတွင် နယ်ပယ်အသီးသီးမှ အောင်မြင် ကျော်ကြားသူများနှင့်အတူ တင်ဆက်ပေးသွားမည်ဖြစ်သည်။

 

စိတ်ဝင်စားဖွယ်အကြောင်းအရာများဖြင့် Solo Myanmar အစီအစဉ်

နှစ်သစ်ကူးကာလတွင် မိမိအိမ်တွင်နေထိုင်ရင်း သာယာလှပသည့် ရေမြေတောတောင် သဘာဝအလှတရားများ၊ စိတ်ဝင် စားဖွယ်ကောင်းလှသည့် လူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှု၊ ရှင်သန်ရပ်တည်မှု၊ ထူးခြားဆန်းပြားမှုများ၊ သမိုင်းဝင် အမွေအနှစ်တို့တည်ရှိရာ နေရာဒေသများ၊ သွားရောက်လည်ပတ်ချင်စရာကောင်းလှသည့် နေရာဒေသများ၊ ရိုးသား ပွင့်လင်းမှုများနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်စွန့်စားမှု ပြကွက်များကို ကြည့်ရှုခံစားနိုင်မည့် အေးမြတ်သူ ခရီးသွား Solo Myanmar အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၇ နာရီတွင် ပြသလျက်ရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။


မြန်မာနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ

ထို့ပြင် ဧပြီ ၁၃ ရက် ည ၁၀ နာရီတွင် တန်ခူးရင်ခွင်၊ ဧပြီ ၁၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ကညာပျိုနဲ့ ဇရာအို၊ ဧပြီ ၁၅ ရက် ည ၁၀ နာရီ တွင် မောင်တို့ချယ်ရီမြေ စသည့် မြန်မာဇာတ်ကားကောင်းများကို ပြသ ပေးမည်ဖြစ်သည်။
Channel K ရုပ်သံလိုင်းမှ ပြသနေဆဲ ဇာတ်လမ်းတွဲများအနက် ပရိသတ်အကြိုက်တွေ့နေသည့် ကဝေပျိုရဲ့အမုန်း (အိန္ဒိယဇာတ်လမ်းတွဲ)၊ ဓားသွားထက်ကပျားရည် (ဖိလစ်ပိုင် ဇာတ်လမ်းတွဲ)၊ တော်ဝင်ပန်းတစ်ပွင့် ဒဏ္ဍာရီ (တရုတ် ဇာတ်လမ်းတွဲ) စသည့် ပြသနေဆဲ ဇာတ်လမ်းတွဲများအပြင် အိန္ဒိယဇာတ်လမ်းတွဲဖြစ်သည့် ရာဇဝင်ထဲက မောရိယဇာတ်လမ်းတွဲသစ်ကို ဧပြီ ၂၁ ရက်မှစ၍ ပြသသွားရန် စီစဉ်ထားပြီးဖြစ်သည်။

သီသီမင်း

Top of Form

Bottom of Form