ဆားဘီးယားနိုင်ငံ၌ Sputnik V ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မှု တရားဝင်စတင်

ဘဲလ်ဂရိတ် ၆ ဇွန်

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် ရုရှား၏ SputnikVကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထုတ်လုပ် မှု တရားဝင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆားဘီးယားအစိုးရက ယနေ့ပြောကြားသည်။

အဆိုပါ ကာကွယ်ဆေးထုတ်လုပ်မှု စတင်ခြင်း အခမ်းအနားကို ဆားဘီးယားသမ္မတ အလက်ဇန်းဒါးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့လည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူဆစ်က ယခုအခါ ဆားဘီးယားနိုင်ငံ သည် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနယ်ပယ်၌ ကြီးမားသောတိုးတက်မှု ရရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတိုက်ဖျက် ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးမျိုးကို အတည်ပြုခဲ့ပြီးနောက် SputnikVကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အလုံးရေလေးသန်းအထိ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရုရှားသမ္မတပူတင်ကကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရန် ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းကြိုးပမ်း လုပ်ဆောင်မှုများလိုအပ်ကြောင်း၊ ရုရှားနိုင်ငံသည် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးနယ်ပယ်၌ နိုင်ငံပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့် ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက ပူတင်နှင့် အလက် ဇန်းဒါးဗူဆစ်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး ခဲ့စဉ် ရုရှား၏ SputnikV ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆားဘီးယားနိုင်ငံတွင် ထုတ်လုပ်ရန် သဘောတူခဲ့ကြသည်။

လက်ရှိအချိန်အထိ ဆားဘီးယားနိုင်ငံတွင် လူဦးရေနှစ်သန်းကျော် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ယင်းတို့အနက် အများစုမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လက်ခံရရှိခဲ့ကြကြောင်း သိရ သည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ