မုံရွာ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူ ယမန်နေ့နံနက်ပိုင်းတွင် ခန္တီးမြို့နယ် ပေါမိုင်းအုပ်စု အောင်သာကျေးရွာ ကွင်းအမှတ်-၄ ၌ ကျင်းပသည့် ဒေသခံတောင်သူများအား စပါးမျိုးစေ့နှင့် ဆေးဖျန်းပုံးများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဒေသခံတောင်သူများထံ ဆင်းဧကရီ-၃ စပါးမျိုးစေ့များနှင့် ဆေးဖျန်းပုံးများ ပေးအပ်သည်။
ထို့နောက် မျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုကို ကြည့်ရှု အားပေးပြီး ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဦးဘစိန်၏ နွားမွေးမြူခြံ၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ကြက်မဲနှင့် ဒေသကြက်များအား ဥဖောက်စက်များဖြင့် ကြက်အကောင်ဖောက် မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အစိုးရစက်မှု၊ လက်မှုသိပ္ပံ (ခန္တီး)၌ ကျောင်းသား ကျောင်းသူများ၏ EP/EC လက်တွေ့သင်ကြားနေမှုများနှင့် စာကြည့်တိုက်၊ ခန္တီးမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၏ အိမ်တွင်းမှု စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေး နေမှု၊ ခင်းကျင်းပြသထားသော သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ် အထည်များ၊ လက်မှုပစ္စည်းများ၊ ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေ ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံ၊ အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှု၊ သင်တန်းသူ အိပ်ဆောင်၊ ထမင်းစားဆောင်၊ စာကြည့်တိုက်၊ ခန္တီးမြို့ ချင်းတွင်းမြစ် ကမ်းဘေးရှိ မဉ္ဇူပန်းခြံ သာယာလှပရေးလုပ်ငန်း များ ဆောင်ရွက်နေမှုနှင့် နာတိုက်ကျေးရွာရှိ တောင်သူ ဦးစိုင်းနောင် စိုက်ပျိုးထားရှိသည့် လက်ဖက်ပင်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


