မုံရွာ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီး ပေါ်ရှိ ကန်သာယာကန်အနီးရှိ လမ်းလျှောက် သင်္ကြန်သို့သွားရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့သည် လမ်းလျှောက် သင်္ကြန်ကျင်းပသည့် ရွှေသလ္လာ နှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေ မဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/ လမ်းပန်း ဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်း ပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်တို့သို့ သွားရောက်၍ ယိမ်းလှပျိုဖြူများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှု၊ မြို့နေပြည်သူများ တပျော်တပါး ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒိသာကျွေးမွေးနေမှုများ၊ ဌာနဆိုင်ရာမဏ္ဍပ်များ အလိုက် စတုဒိသာကျွေးနေမှုများကို ကြည့်ရှုကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။
ယင်းနောက် ပြည်ထောင်စုရင်ပြင်၌ ကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပွဲသို့ ရောက်ရှိရာ ထမနဲထိုးရန် ပါဝင်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပျော်ရွှင်စွာ ထမနဲထိုး နေမှုများကို မြို့နေပြည်သူများနှင့်အတူ တပျော်တပါး စုပေါင်းအားပေးကြပြီး တာဝန်ရှိသူများနှင့် အတူ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


