မုံရွာ ၂၈  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဂျုံသီးနှံကို (၁၁၄၃၀၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦး၏ ပြောကြားချက်အရ သိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဂျုံသီးနှံစိုက်ပျိုးရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခု တွင် (၁၆၁၂၄)ဧကကို လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် (၅၀၃၅၂) ဧကကို လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် (၁၅၅၃၃)ဧကကို လည်ကောင်း၊ ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်(၅)ခုတွင် (၂၉၄၂၀)ဧကကို လည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်(၁)ခုတွင် (၂၇၈၃) ဧကကို လည်းကောင်း၊ တမူးခရိုင်အတွင်းရှိ မြို့နယ်(၁)ခုတွင် (၂၀)ဧကအားလည်းကောင်း၊ ခန္တီး ခရိုင်တွင်းရှိ မြို့နယ်(၁)ခုတွင် (၆၈)ဧက ကိုလည်းကောင်း၊ စုစုပေါင်း ဂျုံသီးနှံ(၁၁၄၃၀၀)ဧကကို စိုက်ပျိုးရန် လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဂျုံသီးနှံကို တိုင်းအတွင်းမှာ ဧက (၁၁၀၀၀၀)ကျော်ကို စိုက်ပျိုးသွားမှာဖြစ်တယ်၊ စစ်ကိုင်းခရိုင်မှာ ဧက(၅၀၀၀၀)ကျော်၊ ရွှေဘိုခရိုင်က ဧက(၂၀၀၀၀)ကျော်နဲ့ ဒုတိယအများဆုံးစိုက်ပျိုးသွားမှာ ဖြစ်တယ်၊ ဂျုံသီးနှံက ရေနည်းလို သီးနှံမျိုးဖြစ်တဲ့အတွက် စိုက်ပျိုးရေရရှိမှုနည်းတဲ့ ဒီတိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုး ဖို့ သင့်တော်တဲ့ သီးနှံမျိုးဖြစ်ပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးက ပြောသည်။

 

ဂျုံသီးနှံကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်၊ ကလေး၊ တမူးနှင့် ခန္တီးခရိုင်တို့တွင် စိုက်ပျိုးသွားမည် ဖြစ်ရာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပိုးမွှားရောဂါ ကင်းရှင်းရေး၊ ရေနည်းလိုသီးနှံစိုက်နည်းစနစ်များ၊ သွင်းအားစုများ မျှတစွာသုံးစွဲစိုက်ပျိုးနိုင်ရေးကို စိုက်ခင်းများအရောက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)