စစ်ကိုင်းတိုင်းဒေသကြီး၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို  ဒီဇင်ဘာ ၃ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ပြည်သူများ၊ အာကစား ချစ်မြတ်နိုးသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူ စုစုပေါင်းအင်အား ၂၅၀၀ က သတ်မှတ်စုရပ်နေရာများတွင် အသီးသီးနေရာယူကြပြီး ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမှ စတင်၍ ကန်သာယာ ရာပြည့်ကပ်ကျော် စေတီတော်ကြီးအထိ အသွားအပြန် တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်ကာယ လေ့ကျင့်ခန်း အတွဲ ၁ ၊ ၂ နှင့် Fitness Dance တို့ကို စုပေါင်းပြုလုပ်ခဲ့ကြပြီးနောက် စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့အားကစားကွင်းအတွင်း ပြုလုပ်သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြင့်ပွဲကို ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများ၌ ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)