မုံရွာ ၁၆ စက်တင်ဘာ
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး အထူးရှာဖွေ ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က "စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်ပိုင်းပြတ်ရွေ့ကြောတွင် ကျရောက်ပြီး ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်၊ ငလျင်လှုပ်ပြီး ဆောင်ရွက်ရမည့်အချက်များ သိရှိစေရန်နှင့် ငလျင်ဘေးကျရောက်လာပါက မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး စွမ်းရည်များ ပြသနိုင်ရန်အတွက် ဖြစ်ပါကြောင်းနှင့် ငလျင်လှုပ်ခတ်စဉ် မီးလောင်မှုများ ဖြစ်ပွားတတ်တာကိုလည်း သိရှိထားရန် လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းကာလတွင် လေ့ကျင့်မှုများကို အားလုံးပူးပေါင်းကာ အားကျိုးမန်တတ်ကြိုးစားကြ စေကြောင်း"အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး သင်တန်းနည်းပြဆရာများက အထူးရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား(၃၅)ဦးအား စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ သင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)


