စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါသီးနှံ (၇၉၃၄၆)ဧက စိုက်ပျိုးထား

မုံရွာ ၂၀  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ဝါစိုက်ပျိုးရာသီ၌ ခရိုင်(၅)ခုတွင် စစ်မှု ကုန်ကြမ်းသီးနှံမျိုးဖြစ်သော ဝါ(၇၉၃၄၆)ဧကကို စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဝါစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မလှိုင်ဝါမျိုးဧက (၁၄၆၀၀)၊ မိုးကြိုချည်မျှင်ရှည်ဝါ ဧက(၃၆၀) ၊ ဝါကြီးမျိုး  ဧက (၅၀၀၀)၊ မိုးချည်မျှင်ရှည်ဝါ (၂၁၆၇၄) ဧကနှင့် မိုးနှောင်း ချည်မျှင် ရှည်ဝါ (၃၇၇၁၂)ဧကတို့ကို စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ ဝါသီးနှံစိုက်ပျိုးရာမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ ရာသီဥတုဖောက်ပြန်မှု၊ ရောဂါပိုးမွှားကျရောက်မှု များကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့၊ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးနဲ့ ဈေးကွက်မတည်ငြိမ်မှုကို ဖြေရှင်းအသိပညာပေးတာတွေကို စိုက်ခင်းတွေအရောက်သွားပြီး လုပ်ဆောင်ပေးတယ်၊ စံပြစိုက်ခင်းတွေ တည်ထောင်စိုက်ပျိုးပြီးလည်း အသိပညာ ပေးတာတွေ လုပ်ဆောင်ပေးနေပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝါသီးနှံ စိုက်ပျိုးပြီးစီးမှု အနေဖြင့် မုံရွာခရိုင်အတွင်း (၃၀၉၄၉)ဧက အားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း ဧက(၈၆၇၀)အား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း (၁၄၁)ဧကအား လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း (၃၉၅၅၇)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၂၉)ဧကအား လည်းကောင်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း စစs်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၏ မှတ်တမ်းများအရ သိရ သည်။

ဝင်းဦး(ဇေယျာတိုင်း)