စစ်ကိုင်းတိုင်းဒေသကြီး လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်း

 

 

နေပြည်တော် အောက်တိုဘာ ၂

 

NUG နှင့်  PDF အမည်ခံအကြမ်း ဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့်  လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ၊  အကြမ်းဖက်ဖောက်ခွဲ ရေးလုပ်ရပ်များ  ပြုလုပ်လျက်ရှိသည်။

 

မိုင်းမျိုးစုံ ရှာဖွေဖော်ထုတ်

 

ထိုသို့ ပြုလုပ်လျက်ရှိရာ လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ  ထောင်ထားကြောင်း  အကြမ်းဖက်မှုကိုမလိုလားသည့်  ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁ ရက်တွင် မိုင်းရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ ဒေသန္တရလက်လုပ်မိုင်း မျိုးစုံ ၃၂ လုံးတို့အား ထပ်မံရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီး  အများပြည်သူ အန္တရာယ်မဖြစ်ရေး  သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

 

mdn

 

အလားတူ   ရေဦးမြို့နှင့် ရွှေဘိုမြို့သွား ကားလမ်းမကြီး တစ်လျှောက် စက်တင်ဘာလ ၂၁ ရက်မှ ၂၅  ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ငန်းများ  ဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ NUG နှင့်  PDF အမည်ခံအကြမ်း ဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် သုံးလက်၊ လက်လုပ်လက်ပစ်ဗုံး လေးလုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

 

ပြည်သူများ အန္တရာယ်မဖြစ်ရေး

 

ယခုကဲ့သို့  အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ်  ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် အဆိုပါလမ်းများတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်းတည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်