နေပြည်တော်    မေ   ၂၆

 

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ   ယာယီစိုးမိုးထားသည့်   မြို့နယ်၊  ကျေးရွာ၊  ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-  Terrorism Operation) များကို ဆောင်ရွက်ကာ ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်အတွက်   နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  လိုအပ်သည့်  ဘိလပ်မြေ၊  သွပ်၊  သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ လည်းကောင်း၊ မိမိအရပ်ဒေသသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊  မီးဖိုချောင်သုံးပစ္စည်းများ၊    ကျန်းမာရေးသုံးပစ္စည်းများကို  နေပြည်တော်မှလည်းကောင်း မေ ၂၅ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ကလေးမြို့သို့ ရောက်ရှိခဲ့သည်။

 

အဆိုပါ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့်  ဘိလပ်မြေ၊  သွပ်၊  သံများနှင့်  လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ကလေးမြို့ မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ ညနေပိုင်း တွင် ဖလမ်းမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပို့ဆောင်ပေးသွားမည်

 

အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ ပို့ဆောင်ရန်ကျန်ရှိသည့် မြို့များသို့လည်း ဆက်လက်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက် အပေါ်မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။        

                   

သတင်းစဉ်