စစ်ကိုင်း တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၃) ကျင်းပ

မုံရွာ မတ် ၂၉

 

ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁၁/၂၀၂၃) ဖွင့်ပွဲကို မတ် ၂၉ ရက် နံနက်ပိုင်းက မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) သင်တန်းခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “သင်တန်းသူများအနေဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားနိုင်သည့် အခွင့်အရေး ရရှိမှာဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးမည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားပြီး ရက်တိုသင်တန်းဖြစ်သည့်အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်သွားကြရန် လိုအပ်ကြောင်း၊ သင်တန်းဆင်းပြီးပါက လက်တွေ့အသုံးချနိုင်ရန်နှင့် တစ်ဦးချင်းချုပ်လုပ်ခြင်းမှသည် MSMEs လုပ်ငန်းများဆီသို့ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော အပ်ချုပ်စက်များနှင့် သင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးသည်။ အဆိုပါ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁/၂၀၂၃)သို့ သင်တန်းသူ ၂၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ၁ လကြာ စာတွေ့၊ လက်တွေ့  သင်ကြားပို့ချသွားမည် ဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃)သို့ တက်ရောက်သည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မှုများကို  ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)