စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ၊   ၂၀   ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စည်ပင်သာယာမြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သည့် အစား အသောက်များ ရောင်းချခြင်း ရှိ/မရှိ တို့ကို ဇန်နဝါရီ  ၁၉  ရက် နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာန ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်စိုးယုဆွေတို့ ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် စစ်ဆေးနေရခြင်းဖြစ်ပါတယ်။ FDA မှ တားမြစ်ထားသည့် စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ် လွင်လွင်(ယိုစုံ)အား ရောင်းချနေခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးနေတာပါ။  ဈေးအတွင်းမှာရှိတဲ့ ကုန်စုံဆိုင်တွေကိုလည်း FDA မှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများအား ရောင်းချခြင်း မရှိစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါတယ် ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ တားမြစ်ပစ္စည်းများ ရောင်းချခြင်းတွေ့ရှိပါက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)