စားသုံးမှို မွေးမြူစိုက်ပျိုးထုတ်လုပ်မှုပိုင်း တိုးတက်စေရေး GAP အသိပညာဆိုင်ရာသင်တန်းကို Online မှ ဖွင့်လှစ်ပို့ချမည်

မန္တလေး၊ ၁၇  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်း မှိုစိုက်ပျိုးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးမှို မွေးမြူ စိုက်ပျိုးထုတ်လုပ်မှုပိုင်း တိုးတက်စေရေးနှင့် Good Agriculture Practice(GAP) အသိပညာဆိုင်ရာ Online သင်တန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက် နေ့အထိ အခမဲ့သင်ကြား ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)မှ အထွေထွေ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောကြားသည်။

 

အဆိုပါ စားသုံးမှိုမွေးမြူစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် GAP အသိပညာပေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး စားသုံးမှိုစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအစုအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI)တို့ ပူးပေါင်း၍ မှိုစိုက်ပျိုးထုတ် လုပ်ရောင်းချသူများကို Online မှ နည်းပညာရပ်များအား ၃ ရက် ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

" ဒီသင်တန်းကို ဒီဇင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ နံနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ပို့ချ ပေးသွားမှာပါ။ စားသုံးမှိုများ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးစီမံခန့်ခွဲ လုပ်ကိုင် ထုတ်လုပ်ရောင်းချကြမယ် လုပ်ငန်းရှင်တွေအနေနဲ့ ယခုဖွင့်လှစ်ပို့ချပေးမယ့် ဒီသင်တန်းကနေ နည်းပညာ ရပ်များရရှိစေဖို့နဲ့ ပြန်လည်မျှဝေပေး နိုင်ဖို့ကို ရည်ရွယ်ပြီးတော့ သင်ကြားပို့ချပေးသွားမှာပါ။ ဒီသင်တန်း ဟာဆိုရင် အကျိုးရှိတဲ့ သင်တန်းဖြစ်မှာပါ" ဟု ၎င်းကပြောသည်။

 

 အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများကို ဦးရေ ၂၀ မှ ၃၀  ထိ လက်ခံပြီး Online မှနေ၍ အခမဲ့သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးရာတွင်လည်း စားသုံးမှိုစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအစုအဖွဲ့မှ လက်တွေ့အသုံးချပြုလုပ်နေကြသည့် ပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ သင်ကြားပို့ချပေးခြင်းကြောင့် စားသုံးမှိုစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသုံးမှိုစိုက်ပျိုးထုတ်လုပ်မှုအပိုင်း တိုးတက်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာများကို မျှဝေပေးရန်အတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)