ဗန်းမောက်မြို့တွင် အောက်ဆီဂျင်ထုတ်စက် တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ

ဗန်းမောက် အောက်တိုဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် အောက်တိုဘာ ၂၄ ရက်မှစတင်ကာ အောက်ဆီဂျင်ထုတ်စက် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးပြီဖြစ်၍ အောက်ဆီဂျင်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေပြီ ဖြစ်​သည်။

 

အဆိုပါ အောက်ဆီဂျင်ထုတ်စက်အား ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ အလျား ၃၀ ပေ၊ အနံ ၂၀ ပေနှင့် အမြင့် ၁၂ ပေရှိ စက်ရုံအဆောက်အအုံတွင် ထားရှိပြီး AGGC ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာများဖြစ်သော ဦးဝင်းလွင်ဦးနှင့် ဦးဇော်ထိုက်တို့က တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ဗန်းမောက်မြို့နယ် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် တရုတ်နိုင်ငံမှ မှာယူခဲ့သည့် MINNUO ဖြစ်ပြီး Oxygen Purity သန့်စင်မှု 94 ရာခိုင်နှုန်းဖြင့် တစ်နာရီလျှင် 40L ထုတ်လုပ်နိုင်ကာ တစ်ရက်လျှင် 40L အိုးကြီး ၈၀ ကျော် ထုတ်လုပ်နိုင်သော 20Nma/hr အမျိုးအစားဖြစ်သည်။

 

ယခုအခါ အောက်ဆီဂျင်ထုတ်စက် တပ်ဆင်ပြီးပြီဖြစ်၍ အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ပြီဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်သော လူနာများသာမက အခြားသော ရောဂါဝေဒနာ ခံစားရပြီး အောက်ဆီဂျင်လိုအပ်သူ လူနာများအတွက်ပါ အောက်ဆီဂျင်များ ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်​သည်။

 

လှိုင်ဘွား(ဗန်းမောက်)