ဗန်းမောက်မြို့နယ်သို့ ရွှေဘိုမှ ခရမ်းချဉ်သီး၊ အာလူးနှင့်၊ ကြက်သွန်နီများ ကားများဖြင့် လာရောက်ရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

ဗန်းမောက် ဇန်နဝါရီ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်သို့ ရွှေဘိုမှ ထိုင်ဝမ်ခရမ်းချဉ်သီးများ၊ အာလူးများနှင့် ကြက်သွန်နီများကို ယခုအခါ ကားများဖြင့်တင်ဆောင်၍ အိမ်တိုင်ရာရောက် လာရောက်ရောင်းချနေကြပြီး အရောင်းအဝယ်ဖြစ်လျက် ရှိနေကြသည်။

 

ရှမ်းပြည်နယ် အောင်ပန်းမှထွက်ရှိသော ထိုင်ဝမ်ခရမ်းချဉ်သီးများ၊ ရွှေဘိုမြို့နယ်မှ ထွက်ရှိသည့် အာလူးနှင့် ကြက်သွန်နီများကို မန္တလေးခရမ်းချဉ်သီးပွဲရုံများနှင့် ရွှေဘိုမြို့ရှိ အာလူးနှင့် ကြက်သွန်နီပွဲရုံများမှတစ်ဆင့် ဝယ်ယူ၍ ကားကြီး ကားငယ်များဖြင့် တင်ဆောင်ကာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀ နှုန်းဖြင့်လည်းကောင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့်လည်းကောင်း၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၈၀၀ စျေးဖြင့်လည်းကောင်း မြို့ပေါ်ရပ်ကွက်များ၊ ကျေးလက်ဒေသများနှင့် ရွှေတွင်းများရှိရာနေရာများသို့ အိမ်တိုင်ရာရောက် လာရောက်ရောင်းချပေးလျက်ရှိသဖြင့် စားသောက်ဆိုင်များ၊ ပြန်လည်ရောင်းချကြသော အိမ်စျေးဆိုင်များ၊ အိမ်များနှင့် လမ်းဘေးအကြော်ဆိုင်များမှာ အပြင်ထွက်၍ ဝယ်စရာမလိုသောကြောင့် ဝယ်ယူစားသုံးကြသူ ပြည်သူများ အဆင်ပြေလျက်ရှိနေကြသည်။

 

“ကျွန်တော်တို့က ရွှေဘိုနယ်ဘက်ကလာတာပါ။ ဒီ ထိုင်ဝမ်ခရမ်းချဉ်သီးတွေက အောင်ပန်းကနေလာတာပါ။ အာလူးတို့ ကြက်သွန်နီတို့က ရွှေဘိုမြို့နယ်ကထွက်တဲ့ ဟာတွေပါ။ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်ပွဲရုံကနေယူပြီးတော့ အထက်ပိုင်းမှာရှိတဲ့ နယ်တွေကို လိုက်ရောင်းချတာပါ။ ရောင်းရဝယ်ရတာ ကောင်းပါတယ်။ အမြတ်အစွန်းလေးရတော့ စီးပွာရေးလေ တွက်ချေကိုက်တော့ စာဝတ်နေရေးလေး အဆင်ပြေလာတာပေါ့။ ဒီကာလမှာ အလုပ်အကိုင်ကလဲရှားတော့ ရရာအလုပ်ကို လုပ်ကိုင်စားကြရတာပေါ့ဗျာ” ဟု ရွှေဘိုမြို့နယ်မှ ကားဖြင့် ခရမ်းချဉ်သီး၊ အာလူးနှင့် ကြက်သွန်နီများ ရောင်းချသူတစ်ဦးက ပြောသည်။

 

ဗန်းမောက်မြို့ပေါ်နှင့် မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကုန်စိမ်းများရောင်းချနေသူ စျေးသူစျေးသားများမှာ ခရမ်းချဉ်သီး၊ အာလူးနှင့် ကြက်သွန်နီအပါအဝင် ဟင်းသီးဟင်းရွက်များကို မန္တလေးရှိ ပွဲရုံများသို့ မှာယူရောင်းချရသဖြင့် ကုန်ကျစရိတ်များ များပြားခြင်းနှင့် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် သွားလာရေးအခက်အခဲများ ရှိခဲ့သဖြင့် ဗန်းမောက်မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၃၀၀၀ နှင့် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဖြင့် ရောင်းချနေကြရကြောင်း သိရသည်။

 

ဗန်းမောက်မြို့နယ်တွင် ယခုအချိန်၌ ခရမ်းချဉ်သီးများ၊ အာလူးများနှင့် ကြက်သွန်နီများကို စိုက်ပျိုးခြင်းမရှိကြတော့ဘဲ အိမ်များတွင်သာ စားသုံးကြရန် ဟင်းသီးဟင်းရွက်များနှင့် ခရမ်းချဉ် အချဉ်သီးများကိုသာ အနည်းငယ်စိုက်ပျိုးကြပြီး ခရမ်းချဉ် အချဉ်သီးပေါ်ချိန်တွင် တစ်ပိဿာ ကျပ် ၅၀၀ ဖြင့်သာ ရောင်းချကြရကြောင်း ခရမ်းချဉ်သီး စိုက်ပျိုးသူများထံမှ သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)