ဗလာဒီမာပူတင်က အမေရိကန်နှင့် ဆွေးနွေးခြင်းဖြင့် မူဘောင်တစ်ရပ် တည်ဆောက်နိုင်ရန် မျှော်လင့်ဟု ဆို

ဇွန် ၁၄

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံမှုသည် နျူကလီးယား လက်နက်များ လျှော့ချခြင်း အပါအဝင် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှုများနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်းဖြင့် မူဘောင်တစ်ရပ် တည်ဆောက်နိုင်မည့် အလားအလာရှိသည်ဟု ဆိုသည်။

 

ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက ယမန်နေ့က ထုတ်လွှင့်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်း ပူတင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပူတင်သည် ဇွန် ၁၆ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ ဂျိုးဘိုင်ဒင်နှင့် မျက်နှာချင်းဆိုင် ပထမဆုံး လူချင်းတွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း ပူတင်က ထုတ်ဖော်ပြောကြားခဲ့သည်။

 

ဘိုင်ဒင်အစိုးရသည် ရုရှားနိုင်ငံနှင့် နျူကလီးယားလက်နက်လျှော့ချရေးဆိုင်ရာစာချုပ်သစ်  သက်တမ်း တိုးမြှင့် ချုပ်ဆိုခဲ့သည်ဟု ပူတင်ကဆိုသည်။

 

ရုရှား-အမေရိကန်ဆက်ဆံရေးသည် ယခုနှစ်များတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်မီဒီယာ၏တွေ့ဆုံမေးမြန်းခန်းတွင် ပူတင်က ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို