ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေပေမယ့် စပိန်နိုင်ငံက လုံခြုံကြောင်း ပြောဆို

၂၇ ဇူလိုင်

 

 

စပိန်အစိုးရက နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားနေပေမယ့် လာရောက်လည်ပတ်ရန်  လုံခြုံမှုရှိကြောင်း တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။

 

 

တချို့နိုင်ငံတွေက စပိန်နိုင်ငံသို့ ခရီးသွားလာခွင့် တားမြစ်ပြီးနောက် စပိန်နိုင်ငံက တခြားသော ဉရောပနိုင်ငံတွေလို လုံခြုံတဲ့ နိုင်ငံဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိခဲ့ပေမယ့် ပုံမှန် အခြေအနေမှာ ရှိနေကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

 

 

ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,ဝ၀ဝ နီးပါး ရှိနေကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက် ဗိုင်းရပ်စ်ပိုး ထပ်မံပျံ့ပွားမှုကို ထိန်းချုပ်ရန် စပိန်နိုင်ငံအနေနဲ့ အထူး လုပ်ဆောင်နေကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

 

 

ဗြိတိန်နိုင်ငံက စပိန်နိုင်ငံကနေ လာရောက်သူတိုင်းကို သီတင်းနှစ်ပတ် သီးသန့်ခွဲခြား နေထိုင်ရမှာဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားပြီး အဲဒီညွှန်ကြားချက်ဟာ တနင်္ဂနွေနေ့ကစပြီး သက်ဝင်ကြောင်း သိရပါတယ်။ နော်ဝေနိုင်ငံကလည်း ဗြိတိန်နိုင်ငံလို စပိန်ခရီးသွားတွေနဲ့ ပတ်သတ်ပြီး ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ပြင်သစ်နိုင်ငံကလည်း စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းကို ခရီးမသွားကြဖို့ သူ့နိုင်ငံသားတွေကို အကြံပြုထားပါတယ်။

 

 

စပိန်အစိုးရက အခုဗိုင်းရပ်စ်ပိုး ပျံ့ပွားမှုဟာ ဗိုင်းရပ်စ်ပိုး ပျံ့ပွားမှု ဒုတိယလှိုင်း မဟုတ်ကြောင်း၊ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အရေးပေါ် အခြေအနေသာ ဖြစ်ကြောင်း ပြောပါတယ်။

 

 

စပိန်နိုင်ငံဟာ မတ်လလယ်ပိုင်းက စပြီး တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှု ပြဋ္ဌာန်းထားခဲ့ပြီး ဇွန် ၂၁ ရက်မှာ ကန့်သတ်မှုကို ရုပ်သိမ်းခဲ့ပါတယ်။

 

 

စပိန်နိုင်ငံမှာ ကပ်ရောဂါပိုး ကူးစက်ခံရသူ ၂၇၂,၄၂၁ ဦးရှိပြီး သေဆုံးသူ ၂၈,၄၃၂ ဦးရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား- AFP