ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို စမ်းသပ်ပြီးကြောင်းနဲ့ ဆေးက ဘေးအန္တရာယ် ကင်းကြောင်း ရုရှားစစ်တပ် ပြောကြား

၁၆ ဇူလိုင်

 

 

ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို စေတနာ့ ဝန်ထမ်းအုပ်စု တစ်ခုကို စမ်းသပ်ရာ ဆေးဟာ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ကာကွယ်ရေးဝန်ကြီးက ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ထုတ်ပြန် ကြေညာပါတယ်။

 

စေတနာရှင် ၁၈ ဦးနဲ့ ကိုရိုနာဗိုင်းရပ် ရောဂါ ကာကွယ်ဆေးကို စမ်းသပ်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို မတွေ့ရှိဘဲ သုတေသန ဌာနကနေ ထွက်ခွာခွင့် ရရှိသွားကြောင်း သိရပါတယ်။

 

 

စမ်းသပ်အပြီး ထွက်ရှိလာတဲ့ ရလဒ်ကနေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ဘေးအန္တရာယ် ကင်းပြီး ကောင်းမွန်ကြောင်းကို  အခိုင်အမာ ပြောကြားနိုင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

 

ကာကွယ်ရေးဝန်ကြီးက ဗိုင်းရပ်စ် ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို ပြောကြားခြင်း မရှိပေမယ့် ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်ရေးမှာ ပါရှိတဲ့ ဆရာဝန်တစ်ဦးက ဗိုင်းရပ်စ်ကာကွယ် ဆေးထိုးပြီးသား စေတနာ့ ဝန်ထမ်းတွေဟာ အခုဆိုရင် ဗိုင်းရပ်စ်ပိုးမှ ကာကွယ်နိုင်ပြီဖြစ်ကြောင်း ပြောကြားပါတယ်။

 

 

ကာကွယ်ဆေး ထိုးခံရသူတွေရဲ့ ရောဂါခုခံမှုအား (immunity) ကောင်းမွန်နေပြီး ပဋိပစ္စည်းတွေ (Antibodies) တွေလည်း ထုတ်လုပ်နိုင်နေတဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

 

ကာကွယ်ဆေး ထိုးခံသူ စေတနာ့ ဝန်ထမ်းကို မော်စကိုရှိ ဘာဒန်ကို စစ်ဆေးရုံမှာ ဇွန် ၁၈ ရက်ကစပြီး သီးသန့်ခွဲထားပြီး ကာကွယ်ဆေး ထိုးပေးခြင်းနဲ့ နေ့စဉ် သူတို့ရဲ့ ကျန်းမာရေးကို စစ်ဆေးပေးခဲ့ကြောင်း သိရပါတယ်။

 

 

ကာကွယ်ဆေးထိုးပြီး ၂၈ ရက် အတွင်းမှာ ဆေးထိုးခံခဲ့သူတွေဟာ ပုံမှန်လိုပဲ ဖြစ်နေခဲ့ကြောင်း တွေ့ရပါတယ်။

 

 

ကာကွယ်ဆေး ထိုးခံခဲ့တဲ့ စေတနာ့ဝန်ထမ်းလည်းဖြစ် စစ်သားတစ်ဦးလည်း ဖြစ်တဲ့ ယူရီက ဆေးရုံက အထွက်မှာ သူတို့ဟာ ဗိုင်းရပ်စ်ပိုးကနေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပြီးကြောင်း ပြောပါတယ်။

 

 

ကာကွယ်ဆေးကို ဒုတိယ အသုတ်ကို ဇွန် ၂၃ ကစတင်စမ်းသပ်နေပြီး ဒုတိယ အသုတ်မှာ ပါရှိသူတွေဟာ လက်ရှိအချိန်မှာ ဆေးရုံမှာပဲ ရှိနေသေးကြောင်း သိရပါတယ်။

 

 

ရုရှားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေသူ ၇၄၆,၃၆၉ ဦး ရှိတဲ့အတွက် ကမ္ဘာမှာ စတုတ္ထ အများဆုံးဖြပြီး သေဆုံးသူ ၁၂,၀၀၀ နီးပါးရှိကြောင်း ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

 

 

MDN

ကိုးကား - AFP