ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ မေ ၁ ရက် စတင်မည်

ရန်ကုန် ၃၀ ဧပြီ

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို မေ ၁ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီ ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်မှ ဆီမီးဖိုင်နယ်အထိ ပွဲစဉ်များကို မေ ၁ ရက်မှ ဇွန် ၂ ရက်အထိ ရက်ပေါင်း ၃၀ ကျော်အတွင်း ကျင်းပမည်ဖြစ်သည်။

ဒုတိယအဆင့်ပွဲစဉ်များကို မေ ၁၊ ၈၊ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှလွဲ၍ ကျန် MNL အသင်းကြီးများ ပါဝင်လာမည်ဖြစ်သည်။ ဒုတိယအဆင့် ပွဲစဉ်များအဖြစ် မေ ၁ ရက်တွင်အောင်ဆန်းကွင်း၌ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း၊ ပဒုမ္မာကွင်း၌ တက္ကသိုလ်အသင်းနှင့် ဟံသာဝတီအသင်း၊ မေ ၈ ရက်တွင် အောင်ဆန်းကွင်း၌ မကွေးအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ သုဝဏ္ဏကွင်း၌ ရခိုင်အသင်းနှင့် ဇွဲကပင်အသင်း၊ ပဒုမ္မာကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်း၊ မေ ၁၅ ရက်တွင် အောင်ဆန်းကွင်း၌ ဒဂုံအသင်းနှင့် စစ်ကိုင်းအသင်း၊ ပဒုမ္မာကွင်း၌ Southern အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပထမအဆင့်ပွဲစဉ်များကို မတ်လဒုတိယပတ်က ကျင်းပခဲ့ပြီး ပထမအဆင့်မှ တက်ရောက်လာသည့် ငါးသင်း၊ ဒုတိယအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသည့် ကိုးသင်း စုစုပေါင်း ၁၄ သင်းဖြင့် ဒုတိယအဆင့်ကို ကျင်းပမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲများကို မေ ၁၉၊ ၂၀ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်၊ ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဖြစ်သည့်အသင်းမှာ လာမည့်နှစ် AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။ ရှုံးထွက်ပြိုင်ပွဲတွင် ဧရာဝတီအသင်းက ချန်ပီယံဆု သုံးကြိမ်ရကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ရန်ကုန်အသင်းက နှစ်ကြိမ်၊ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်