ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် လက်ထပ်မင်္ဂလာပွဲပြုလုပ်

လန်ဒန် ၃၁ မေ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် လက်ထပ် မင်္ဂလာပွဲပြုလုပ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ယနေ့သတင်းဖော်ပြသည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ကာရီဆိုင်မွန်စ် တို့နှစ်ဦးသည် လန်ဒန်မြို့လယ်ရှိ ဝက်စ်မင်စတာ ခရစ်ယာန်ဘာသာရေးကျောင်း၌ ယမန်နေ့တွင် လက်ထပ်မင်္ဂလာပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်နိုင်ငံ၌ ရာစုနှစ် နှစ်ခုနီးပါးအတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိစဉ် လက်ထပ်မင်္ဂလာပွဲပြုလုပ်ခဲ့သည့် ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ဗြိတိန်နိုင်ငံ၌ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းများချမှတ်ထားသည့်အတွက် လက်ထပ်မင်္ဂလာပွဲတစ်ခုသို့ လူဦးရေ ၃၀ သာ တက်ရောက်ခွင့်ပြုထားသည်။

ယင်းကြောင့် ဝန်ကြီးချုပ်တို့ ဇနီးမောင်နှံနှစ်ဦးသည် ၎င်းတို့၏ မင်္ဂလာပွဲအခမ်းအနားကို မိသားစုဝင်များနှင့် မိတ်ဆွေအနည်းငယ်ဖြင့်သာ အကျဉ်းချုံးကျင်းပခဲ့ရသည်။

ဝန်ကြီးချုပ်တို့ဇနီးမောင်နှံသည် ဒေါင်းနင်းလမ်းတွင် နေထိုင်လျက်ရှိပြီး လွန်ခဲ့သော ဧပြီလတွင် သားတစ်ယောက် မွေးဖွားခဲ့ကြောင်း သိရသည်။

ယခုအကြိမ် လက်ထပ်မင်္ဂလာပွဲသည် ဘောရစ်ဂျွန်ဆင်၏ တတိယမြောက်မင်္ဂလာပွဲဖြစ်ပြီး ယခင် အိမ်ထောင်မှ ကလေးလေးယောက် ထွန်းကားခဲ့ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်