ဗြိတိန်နိုင်ငံ၌ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်

လန်ဒန်   ဇန်နဝါရီ   ၃၁

ဗြိတိန်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ရန်လွယ်ကူသော အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ်ရှိ ကလေးငယ်များအား ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေးလုပ်ငန်းက ယနေ့ပြောကြားသည်။

အဆိုပါ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာ၌ ရောဂါခုခံနိုင်စွမ်း နည်းပါးသူများနှင့်အတူ နေထိုင်ရသည့် ကလေးငယ်များကို ဦးစားပေးထိုးနှံပေးသွား မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံရေးလုပ်ငန်းဆိုင်ရာ ပူးတွဲကော်မတီ၏ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေးလုပ်ငန်းက ပြောကြားသည်။

ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်း ကိုက်ညီ သည့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုသာ အသုံးပြုထိုးနှံပေးမည်ဖြစ်သဖြင့် ထိုးနှံမှုခံယူမည့် ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများသည် မိမိကလေး၏ အလှည့်ရောက်ရှိသည့်အချိန်တွင် ကာကွယ်ဆေးထိုးနှံပေးရန်တိုက်တွန်းကြောင်း ဗြိတိန်နိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာဝန်ကြီး မက်ဂီထရော့စ်က ပြောကြားသည်။

ဗြိတိန်နိုင်ငံတွင် လက်ရှိအချိန်၌ ကျောင်းနေအရွယ်ကလေးငယ်များ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေကြောင်း သိရသည်။ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာ၌ အရွယ်ရောက်ပြီးသူ များထိုးနှံသော ပမာဏ၏သုံးပုံတစ်ပုံဖြစ်သော တစ်ကြိမ်လျှင် ကာကွယ်ဆေး ၁၀ မိုက်ခရိုဂရမ်အား အသုံးပြုကာ နှစ်ကြိမ်ခွဲ၍ ထိုးနှံပေးမည်ဖြစ်သည်။

ကိုးကား - စီဂျီတီအင်န်

ဘာသာပြန် - စိုးသူရ