ဗြိတိန်နိုင်ငံဟာ Sanofi နဲ့ GSK ကုမ္ပဏီတွေကနေ ဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိရန် သဘောတူထားကြောင်း ထုတ်ပြန်

၂၉ ဇူလိုင်

 

 

ဗြိတိန်နိုင်ငံကို ဆေးဝါးထုတ်လုပ်တဲ့ Sanofi နဲ့ GSK ကုမ္ပဏီကြီးတွေကနေ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး သန်း ၆၀ အထိ ထောက်ပံ့သွားမယ်လို့ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ကုမ္ပဏီတွေက ကြေညာလိုက်ပါတယ်။

 

 

ပြင်သစ်ဆေးကုမ္ပဏီ Sanofi နဲ့ ဗြိတိန်ဆေးကုမ္ပဏီ GSK တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံအား ထောက်ပံ့သွားရန် နောက်ဆုံး သဘောတူညီချက် ချမှတ်ခဲ့တာလို့ သိရပါတယ်။

 

 

ကုမ္ပဏီနှစ်ခုရဲ့ ထုတ်ပြန်ချက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းမှာ သင့်တင့်တဲ့ အဖိုးနှုန်းနဲ့ ရရှိနိုင်မယ်လို့ ပါရှိပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးကို ထုတ်လုပ်ခွင့် ရပြီးနောက် ဆေးတွေဟာ ၂၀၂၁ ခုနှစ် နှစ်လယ်လောက်မှာ ဖြန့်ချိနိုင်မယ်လို့ Sanofi ဆေးကုမ္ပဏီက ခန့်မှန်းထားပါတယ်။

 

 

ဗြိတိန်နဲ့ ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်ရောဂါ ကာကွယ်ဆေးဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားနိုင်ကြောင်း GSK ဆေးကုမ္ပဏီရဲ့ ဉက္ကဌ ရောဂျာ ကွန်နော က ပြောပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို BioNTech၊ Pfizer နဲ့ Valneva ဆေးကုမ္ပဏီတွေကနေ  ဆေး သန်း ၉၀ ရရှိရေးကိုလည်း သဘောတူထားပြီး ဖြစ်ပါတယ်။

 

 

အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဆေးကုမ္ပဏီ BioNTech တို့ကနေ ဆေး သန်း ၃၀  နဲ့ ပြင်သစ် ဆေးကုမ္ပဏီ Valneva မှ ဆေး သန်း ၆၀ ရရှိမယ်လို့ သိရပါတယ်။

 

 

အောက်စဖို့တက္ကသိုလ် နဲ့ AstraZeneca တို့ ပူးတွဲထုတ်လုပ်မယ့် ဗိုင်းရပ်စ်ကာကွယ်ဆေးကိုလည်း သန်း ၁၀၀ ဝယ်ယူဖို့ ဗြိတိန်အစိုးရက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၄၅,၇၅၀ ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

2356