ဗီယက်နမ်နှင့် ဒုတိယခြေစမ်းပွဲတွင် အသင်းလိုအပ်ချက်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုး ပြောကြား

ရန်ကုန် ၂၂ မတ်


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက မတ် ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ် လက်ရွေးစင်အသင်းနှင့် ဒုတိယခြေစမ်းပွဲတွင် အသင်းလိုအပ်ချက်များကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    

မြန်မာနှင့် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၀ အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မန္တလေးမြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားလျက်ရှိပြီး မတ် ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပထမပွဲတွင် ဗီယက်နမ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ နည်းပြချုပ် ဦးဝင်းသူမိုးက ''ဗီယက်နမ်အသင်းနဲ့ ကစားခဲ့တဲ့ ပထမခြေစမ်းပွဲက အသင်းအနေနဲ့ ရလဒ်ပိုင်း ရှုံးခဲ့ပေမယ့် ရခဲ့တဲ့ အကျိုူးအမြတ်ကများပါတယ်။ သူတို့လို အသင်းကောင်းတစ်သင်းနဲ့ ကစားခွင့်ရတဲ့အတွက် ကစားသမားတွေအနေနဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ကိုယ့်ထက်မြင့်မားတဲ့အသင်းနဲ့ ကစားရတာကြောင့် ဘယ်အပိုင်းတွေမှာ အားနည်းသလဲဆိုတာ တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပထမပွဲ ရုပ်သံကို ပြန်ကြည့်ပြီး အသင်းရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်မှာပါ။ ဗီယက်နမ်အသင်းနဲ့ ဒုတိယပွဲမှာ ပိုကောင်းတဲ့ခြေစွမ်း ပြသနိုင်အောင် ကြိုးစားမှာပါ။ ကျွန်တော်တို့ဆီက အမျိုးသမီး ကစားသမားတွေက ပွဲနည်းတဲ့အတွက် ပိုပြီးတိုးတက်ချင်တယ်ဆိုရင် ခြေစမ်းပွဲတွေ များများကစားဖို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။


မြန်မာနှင့် ဗီယက်နမ်အသင်းတို့၏ ခြေစမ်းပွဲဒုတိယပွဲကို မတ် ၂၃ ရက် ညနေ ၆ နာရီတွင် မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကိုလည်း ပရိသတ်များအတွက် ဝင်ကြေးအခမဲ့ သတ်မှတ်ထားသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်