ဗီယက်နမ်နိုင်ငံ၌ နှစ်သစ်ကူးပွဲတော်အားလပ်ရက်ကာလအတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွား၊ ၈၉ ဦးသေဆုံး

ဇန်နဝါရီ ၂၇

 

ဗီယက်နမ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်အားလပ်ရက်ကာလအတွင်း ယာဉ်မတော်တဆဖြစ်မှု ၁၅၂ ကြိမ်ဖြစ်ပွားခဲ့ရာ ၈၉ ဦး သေဆုံးပြီး အခြား ၁၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယာဉ်ထိန်းရဲဌာနက  ယမန်နေ့က ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ်အလားတူကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုနှင့်နှိုင်းယှဉ်ပါက ယာဉ်မတော်တဆဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက်သည် ခုနစ်ရာခိုင်နှုန်းနှင့် သုံးရာခိုင်နှုန်းလျော့ကျခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူဦးရေသည် ရှစ်ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သည်ဟု သိရသည်။

 

ဇန်နဝါရီ ၂၀မှ ၂၆ ရက်အထိ ထိုအားလပ်ရက်ကာလအတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှုအကြိမ်ရေပေါင်း ၂၁၉၉၀ ရှိပြီး ဒဏ်ကြေးငွေအဖြစ် ဗီယက်နမ်ဒေါင် ၅၀ ဒသမ ၄ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း) ကောက်ခံရရှိကြောင်း ဖော်ပြထားသည်။

 

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၁၄၄၈ ကြိမ်ရှိပြီး ထိုယာဉ်မတော်တဆဖြစ်မှုများကြောင့် ၆၃၆၄ ဦးသေဆုံးခဲ့ပြီး ၄၂၁၅ ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ ၃၆၁၃ ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်ဟု ယာဉ်ထိန်းရဲဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို