ဗီယက်နမ်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်သူတစ်ဦး ပထမဆုံးတွေ့ရှိ

အောက်တိုဘာ ၄

 

ဗီယက်နမ်နိုင်ငံတွင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်းနှင့် နိုင်ငံအတွင်း ထိုရောဂါကူးစက်မှုပထမဆုံးတွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူသည် ဟိုချီမင်းမြို့တောင်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ဒူဘိုင်းမြို့သို့ စက်တင်ဘာ ၁၈ ရက်က ခရီးထွက်နေစဉ် ဖျားနာခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လက်မောင်း၊ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တို့တွင်အနီစက်များ၊ ယားဖုများထွက်ခြင်းတို့ခံစားခဲ့ရသည်။ 

 

စက်တင်ဘာ ၂၂ ရက်က ဗီယက်နမ်နိုင်ငံသို့ ပြန်လည်မထွက်ခွာမီကပင် ယင်းဝေဒနာတို့ကို ခံစားခဲ့ရခြင်းဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ပြောကြားချက်ကို ဗီယက်နမ်သတင်းအေဂျင်စီက ကိုးကားဖော်ပြထားသည်။

 

၎င်းသည် စက်တင်ဘာ ၂၃ ရက်က တူဒူဆေးရုံတွင် ကုသမှုခံယူခဲ့ပြီး သီးခြားထားကုသသော အရေပြားဆေးရုံသို့ ၎င်းကိုပြောင်းရွှေ့ကုသပေးထားသည်။

 

နောက်နှစ်ရက်အကြာတွင် ထိုလူနာတွင် မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်းစမ်းသပ်တွေ့ရှိခဲ့ကြောင်းနှင့် လူနာအခြေအနေကောင်းမွန်ပြီးဖျားနာမှုမရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို