ဗီယက်နမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုရှိလာ

ဟနွိုင်း ၁  ဩဂုတ်

အသက် ၇၀ အရွယ် ဗီယက်နမ်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ခဲ့ရာ အဆိုပါရောဂါကြောင့် တိုင်းပြည်၏ ပထမဆုံး လူသေဆုံးမှုဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ အတည်ပြုခဲ့ကြောင်း ဗီယက်နမ် သတင်းဌာနက ဖော်ပြခဲ့သည်။

နှလုံးခုန်ရပ်ခြင်းနှင့် အဆုတ်ရောင်ရောဂါရှိသော အဆိုပါလူနာတွင် ဇူလိုင် ၂၆ ရက်က ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် ကွယ်လွန် ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဆိုသည်။

ဇူလိုင် ၉ ရက်တွင် အဆိုပါလူနာကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါကြောင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ရှိ ဒါနန်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဒါနန်းမြို့သည် နောက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အဓိကဖြစ်ပွားရာနေရာ ဖြစ်လာခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။

သုံးလကြာသည့်တိုင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိသော ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၂၅ ရက်နောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ဒါနန်းမြို့ရှိ ဆေးရုံများကလည်း ဗိုင်းရပ်စ်ကူးစက်ရာ နေရာများဖြစ်လာ ခဲ့သည်ဟု ဆိုသည်။

ယနေ့နံနက်ပိုင်းအထိ ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၀၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ကျော်ထိုက်စိုး