ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့

နေပြည်တော်  ၂၇  မတ်

 

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။

 

မြန်မာအသင်းသည် ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။

 

အခြားပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းက တရုတ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုသုံးပွဲစလုံး ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအောက်ဆုံးသို့ ရောက်ခဲ့ပြီး တတိယနေရာလုပွဲသာ ကစားရမည် ဖြစ်သည်။

 

အုပ်စုပွဲစဉ်များအပြီးတွင် ဗီယက်နမ်နှင့် ထိုင်းအသင်းက ခုနစ်မှတ်စီ၊ တရုတ်အသင်းက သုံးမှတ်၊ မြန်မာအသင်းက အမှတ်မရခဲ့ပေ။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နှင့် ထိုင်း၊ တတိယလုပွဲအဖြစ် မြန်မာနှင့် တရုတ်အသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

ရဲရင့်ရှိုင်း