ဗီယက်နမ် ကယ်ဆယ်ရေးလေယာဉ် ဂျပန်နိုင်ငံမှ ထွက်ခွာ

တိုကျို ၇ ဇွန်

တိုကျို အရှေ့ဘက်ရှိ နာရီတာလေဆိပ်တွင် ရာနှင့် ချီသည့်ဗီယက်နမ်နိုင်ငံသားများဇွန် ၅ ရက်တွင် စုဝေးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံသို့ ပြန်ရန် ကယ်ဆယ်ရေး လေယာဉ်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ဗီယက်နမ်အစိုးရသည် အထူးအခြေအနေအောက်တွင် အထူးသဖြင့်ဖျားနာသူများနှင့် ကိုယ်ဝန်ဆောင်များကို ဦးစားပေးကာ နိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် လေကြောင်းလိုင်းများ စီစဉ်ပေးခဲ့သည်။

သို့သော်လည်း အဆိုပါဝန်ဆောင်မှုမှာ ပြည်ဝင်ခွင့် စည်းမျဉ်းအသစ်များကြောင့် မေလလယ်ပိုင်းတွင် ရပ်တန့်သွားခဲ့ရသည်။ ကျောင်းသားများ၊ သင်တန်းသားများ အပါအဝင် ဗီယက်နမ်နိုင်ငံသား ၃၀၀ နီးပါးမှာ ယခုကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခဲ့ကြပြီး သီတင်းသုံးပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နှစ်စင်း ပျံသန်းခြင်းလည်းဖြစ်သည်။

ကျောင်းသားတစ်ဦးကမူ နေရပ်ပြန်လိုသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်းနှင့် မိသားစုနှင့် ချစ်သူမိန်းကလေးကို တွေ့ရတော့မည်ဖြစ်သည့်အတွက် ဝမ်းသာကြောင်းပြောသည်။

ဗီယက်နမ်နိုင်ငံသား ၇၀၀၀ မှာ လွန်ခဲ့သည့် လကုန်ပိုင်းကတည်းကနေရပ်ပြန်လိုသည်ဟု ပြောခဲ့ကြကြောင်း ဗီယက်နမ်သံရုံးက ပြောသည်။ သို့သော်လည်း ယခုလအတွင်း နောက်ထပ်ကယ်ဆယ်ရေး လေယာဉ်ပျံသန်းရန် မရှိတော့ပေ။ ထို့အပြင် ဂျပန် အစိုးရသည်လည်း ဗီယက်နမ်တွင် ဗီဇပြောင်း ကိုဗစ်၁၉ကူးစက်မှုများကြောင့် ပြည်ဝင်ခွင့် စည်းကမ်းများကို သတ်မှတ်ခဲ့သည်။

အင်န်အိတ်ချ်ကေ